ဘာသာရေးအကြောင်းအရာဖြစ်နေလို့ ပြောရမှာ အတော် အစွန်းမလွတ်တဲ့ကိစ္စပါပဲ။ ခေတ်အဆက်ဆက်မှာ ဘာသာရေးကို နိုင်ငံရေးနဲ့ အခြား အကြောင်းအရာတွေအတွက် ခုတုံးလုပ် အသုံးချခဲ့ကြတာလည်း မနည်းတော့ပါဘူး။ အဲဒီ ဂိုဏ်းဂဏကိစ္စတွေမှာ ပိုလို့တောင် ရှုပ်ထွေးပါသေးတယ်။
ဘာသာ အယူဝါဒကိစ္စတွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ယုံကြည်မှုတို့ကနေ ရုပ်ပိုင်းဆိုင်ရာကို ကူးပြောင်း အထောက်အပံ့ပြုတဲ့အရာတွေ လို့ သဘောရပါတယ်။ စိတ်ပိုင်းလွတ်လပ်မှုနည်းပါးတဲ့အခါ ယုံကြည်ကိုးကွယ်မှုဆိုတာနဲ့ ကာကွယ်ဖို့ကြိုးစားကြရင်းခုလို ဂိုဏ်းအဖွဲ့အစည်းတွေရဲ့

လွှမ်းမိုးမှု ခံရနိုင်ပါတယ်။ လူဆိုတာလည်း ခက်သားလား။ အဖွဲ့အစည်းနဲ့ နေတတ်ကြလေတော့ တစ်ဦးနဲ့တစ်ဦး အဖွဲ့အစည်းတစ်ခုခုက လွှမ်းမိုးတာမျိုး မရှိရင်၊ အရိပ်မခိုရရင် အလိုလို အင်အားနည်းသွားသလိုပဲ။ ဒီလိုကနေ `ဒီအဖွဲ့ကတော့ ဘယ်သို့ဘယ်ပုံပဲ။ ဘယ်လိုအင်အားရှိလာရင် ဘယ်အကြောင်းအရာတွေကို ထိခိုက်လာလိမ့်မယ်´ ဆိုတဲ့ ရှေးပဝေသဏီကတည်းက အင်အားကြီးသူနဲ့ အင်အားနည်းသူတို့ အကြောင်းအရာတွေ ပြန်ဆိုက်လာတာပါ။ သမိုင်းဟာ အကြိမ်ကြိမ်ပြန်ကျော့တတ်ပါတယ်။ ခု စာရွက်တွေဟာ လွန်ခဲ့တဲ့ ၁၀နှစ် အနှစ် ၂၀၊ စာစုံဖတ်တဲ့အရွယ်မှာ
တစ်ခါ မြင်ခဲ့ရဖူးတဲ့ စာရွက်တွေနဲ့ ထူးမခြားနားပါ။ လူတွေရဲ့ ယုံကြည်မှုကို ခုတုံးလုပ်အသုံးချပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးကိစ္စတွေမှာ တိုက်ခိုက်တာ - ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူးလေ။ ခု ဒီစာရွက်တွေထဲမှာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေကြတာဟာ မြင်သာတဲ့ကိစ္စတစ်ခုပါပဲ။
၁) ဘုရားဟောဆိုတဲ့ စကားတစ်လုံးဟာ အကာအကွယ်ယူဖို့ ကောင်းတဲ့စကားတစ်လုံးပါ။
၂) ဂိုဏ်းအဖွဲ့ဆိုတဲ့စကားတစ်လုံးဟာ လူ့အဖွဲ့အစည်းမှာ စိတ်ဓါတ်အင်အားနည်းသူတို့အတွက် အန္တရာယ်ကြီးတဲ့စကားလုံးပါ။
၃) လွတ်လပ်စွာ တွေးခေါ်၊ ဆန်းစစ်ဖို့ ကိုယ့်တာဝန်ဖြစ်ပါတယ်။
တပ်တဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့အကြောင်းအရာ တိုက်ဆိုင် ဆန်းစစ်ကြည့်နိုင်ပါတယ်။ အဲဒီ ဂိုဏ်းဂဏတွေနောက်ကို လိုက်ပြီးရင်းလိုက်နေကြသူတွေ အသက် (၅၀)၊ (၆၀)လည်း ပါတာပါပဲ။ ကိုယ့်ရဲ့ စိတ်ဓါတ်လွတ်လပ်မှု မပြည့်ဝသူများအနေနဲ့ အသက်အရွယ်၊ အတန်းပညာမရွေး မြေဇာပင် ဖြစ်သွားနိုင်ပါတယ်။ ဒီစာရွက်တွေကို ကိုယ့်တစ်ယောက်တည်း အမြင်အရပြောရရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆိုတာထက် ပိုပါတယ်။ နိုင်ငံရေး တိုက်ခိုက်မှု ပါဝင် ပတ်သက်နေတယ်လို့ သံသယကြီးကြီးမားမား ဖြစ်မိပါတယ်။ ဒီလောက်ပါပဲ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်အဖြစ်
ကိုယ့်ကိုယ်ကိုယ် မခံယူသေးပါဘူး။ စိတ်ဓါတ်လွတ်လပ်မှုကို ကြိုးစားလေ့ကျင့်နေတုန်းမို့ပါ။ ကာလာမသုတ်ကို သေသေချာချာ နားလည်အောင် ကြိုးစားနေတုန်းပါပဲ။ ဒါပေမယ့် `ပြောသလိုလုပ်တဲ့လူ´တွေကို ပုဂ္ဂိုလ်ရေး ယုံကြည်မှုရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြင်တစ်ခုကို ထောက်ခံ ပါတယ်။ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရင် ကောင်းမယ်။ ရှင်ဇနကာဘိဝံသတို့လို သာသနာရေးကြိုးပမ်းရင်း လူတွေရဲ့ စိတ်ဓါတ်ကို ပြုစုပျိုးထောင် ပေးနိုင်ဖို့ဆိုတာ သံဃာတော်တိုင်းဆီက မျှော်လင့်လို့ မရစကောင်းပေဘူး။ ဒီစကားပြောလို့ ရွှေဝါရောင်အရေးအခင်းကို ဆန့်ကျင်တယ်လို့ ထင်ချင် ထင်ကြမယ်။ လူတွေရဲ့ စိတ်ဓါတ်ကို ဒီ့ထက် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေလိုတဲ့ ရဟန်းတော်များရဲ့ မေတ္တာ၊ စေတနာကို တန်ဖိုးထားသင့်ပါတယ်။ ခုတုံးလုပ်တာမျိုးကို မလုပ်သင့်တာပါ။ အဲဒီ ရဟန်းတော်များရဲ့ အရေးအခင်းဟာ အစပိုင်းမှာ အလွန်သန့်ရှင်း မွန်မြတ်ပါတယ်။ နောက်ပိုင်းမှာ အရောင်အမျိုးမျိုး အဆိုးခံလိုက်ရတာပါ။ `ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်´ ဆိုတာ မကျင့်သုံးသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
ကိုယ်တိုင် သေချာ သိတဲ့အပိုင်းတွေလောက်ပဲ ဆွေးနွေးလိုက်ပါတယ်။
mail ထဲမှပေးပို့ပေးသောစိတ်တူညီမငယ်အားကျေးဇူးတင်ပါတယ်။

No comments:
Post a Comment