Sunday, May 2, 2010

ဆရာတော်အရှင်ဆန္ဒာဓိကစာအုပ်တစ်အုပ်မှာ





မေတ္တာချစ်က ကိုယ်ချစ်တဲ့သူနဲ့ ခွဲနိုင်ပါတယ်။ တဏှာချစ်က ကိုယ်ချစ်တဲ့ သူနဲ့ မခွဲနိုင်ပါဘူး။ မေတ္တာချစ်က ကိုယ်ချစ်တဲ့ သူနဲ့ ခွဲရလို့ ၀မ်းမနည်းပါဘူး။ တဏှာချစ်ကတော့ ၀မ်းနည်းမှာပါ။ မေတ္တာချစ်က ကိုယ်ချစ်တဲ့သူကို နှောင်ဖွဲ့ မနေပါဘူး။ တဏှာချစ်ကတော့ နှောင်ဖွဲ့ နေပါတယ်။

 

မေတ္တာချစ်က ကိုယ်ချစ်တဲ့သူကို အမြဲမြင်တွေ့မနေချင်ပါဘူး၊ တဏှာချစ်ကတော့ အမြဲမြင်တွေ့နေချင်ပါတယ်။ မေတ္တာချစ်က ကိုယ်ချစ်တဲ့သူအပေါ် စွဲငြိမနေပါဘူး၊ တဏှာချစ်ကတော့ စွဲငြိနေပါတယ်။ မေတ္တာချစ်က ကိုယ်ချစ်တဲ့ သူကို စိတ်မပူပါဘူး။ တဏှာချစ်ကတော့ ပူပန်တတ်ပါတယ်။

 

မေတ္တာက တစ်ဖက်သားရဲ့  အကျိုးကို ကြည့်ပါတယ်။ တဏှာက ကိုယ့်အကျိုးကို ကြည့်ပါတယ်။ကိုယ်ချစ်တဲ့သူကို ကျွေးမွေးပြုစုတာ၊ ဘေးရန်ကင်းအောင် စောင့်ရှောက်ချင်တာ မေတ္တာပါ။ ချစ်သူ့အကျိုးကို ကြည့်တာကြောင့်ပါ။ ချစ်သူကို အမြဲကြည့်ချင်နေတာ၊ အနားမှာပဲ အမြဲနေချင်နေတာ၊ မခွဲနိုင်တာ၊ ပျောက်သွားရင် တစ်သက်လုံး မတွေ့ရတော့မှာကို စိတ်ပူတာက တဏှာပါ။ ကိုယ့်အကျိုးကို ကြည့်တာကြောင့်ပါ။

 

လူမှုဆက်ဆံရေးနယ်ပယ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာကို မေတ္တာလို့ပဲ ပြောဆိုသုံးနှုန်းကြရမှာပါပဲ။ မေတ္တာနဲ့တဏှာ ရောထွေးနေပေမယ့် မကောင်းတဲ့ တဏှာကို နောက်တန်းပို့ပြီး မေတ္တာကို ရှေ့တန်းတင်မှပဲ တစ်ယောက်နဲ့ တစ်ယောက်အဆင်ပြေကြမယ် မဟုတ်ပါလား။

…….

ကိုယ့်ကို ချစ်နေတဲ့ သူကို "မင်းတဏှာဖြစ်နေတာ"လို့ တော့ သွားမပြောပါနဲ့။ စိတ်ထိခိုက်သွားပါလိမ့်မယ်။ ကိုယ့်ကို တဏှာနဲ့ချည်းပဲ အချိန်ပြည့် ချစ်နေတာလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။……… တဏှာကို အပြစ်ပြောရင်းနဲ့ မေတ္တာကို စော်ကားသလို ဖြစ်သွားရင် ဘယ်ကောင်းပါ့မလဲ။

……………….

အနာဂါမ်၊ ရဟန္တာ မဖြစ်သေးသမျှတော့ လူတိုင်းရဲ့ ရင်မှာ အချစ်ဆိုတာ ရှိနေဦးမှာပါ။ မချစ်မိအောင် ရှောင်မရရင် ချစ်ပါ၊ မချစ်ဘဲမနေနိုင်ရင် ချစ်ပါ။ ချစ်လိုက်ပါ၊ အားရပါးရချစ်လိုက်ပါ။ မယုံနိုင်အောင်ချစ်လိုက်ပါ၊…….ဒါပေမယ့် စွဲတော့မစွဲလိုက်ပါနဲ့။ ခွာချိန်တန်ရင် အလွယ်တကူခွာနိုင်ပါစေ၊ ခွာခွင့်ကြုံရင် အချိန်မရွေး ခွာနိုင်ပါစေ။ မခွာနိုင်အောင်စွဲနေတဲ့ အချစ်မျိုး၊ ခွာမရအောင် ကပ်နေတဲ့ အချစ်မျိုးတော့ မဖြစ်ပါစေနဲ့။

…………………

"သူ့ကို မချစ်တော့ဘူး" လို့ တင်းတင်းမာမာ ဆုံးဖြတ်တာထက် "သူ့ကို တွေ့တဲ့ အခိုက်မှာပဲ ချစ်တော့မယ်၊ အခုမေ့ထားလိုက်မယ်"လို့ ပေါ့ပေါ့ပါးပါး ဆုံးဖြတ်တာက အစွဲပိုကင်းပါတယ်။ "ကွယ်ရင်မေ့၊ တွေ့ရင်ချစ်" ဆိုတာ တရားရှိတဲ့သူ၊ တရားပြည့်တဲ့သူတွေရဲ့  တရားနဲ့ယှဉ်တဲ့ သံယောဇဉ် စိတ်ဓာတ်ပါ။

…………….

Love cannot remain by itself – it has no meaning. Love has to be put into action and that action is service. (Mother Teresa)

"ချစ်ခြင်းမေတ္တာဆိုတာ သူ့ဘာသာသူ ဒီအတိုင်း တည်ရှိနေရုံနဲ့ အဓိပ္ပါယ်မပြည့်စုံပါဘူး။ ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာမှာ သူ့အကျိုးကို ဆောင်ရွက်ပေးခြင်း၊ သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဆိုတဲ့ လုပ်ဆောင်မှု ရှိကို ရှိနေရပါမယ်။"

…………………….

လေးစားမှုက လေးစားဖွယ်ရာတွေကြောင့်ပါ။ လေးစားမှုမှာ ဘာကြောင့်လေးစားတယ် ဆိုတဲ့ အကြောင်းပြချက် ရှိပါတယ်။ ချစ်ခြင်းမှာ ဘာကြောင့် ချစ်တယ် ဆိုတဲ့ အကြောင်းပြချက်မရှိပါဘူး။ လေးစားခြင်းက လူမှာရှိတဲ့ အထင်ကြီးစရာ ဂုဏ်တွေကို နှလုံးသွင်းပါတယ်။ ချစ်ခြင်းကတော့ လူမှာရှိတဲ့ အထင်ကြီးစရာ ဂုဏ်တွေကို နှလုံးမသွင်းပါဘူး။ လူကို လူလို့ပဲ(လူအနေနဲ့ပဲ) နှလုံးသွင်းပါတယ်။

……..

လူတစ်ယောက်ကို လေးစားတယ်ဆိုတာ လေးစားစရာတွေရှိလို့ပါ။ လေးစားစရာတွေ မရှိတော့ရင် လေးစားခြင်းက ပျက်စီးသွားတတ်ပေမယ့် ချစ်ခြင်းကတော့ လုံးဝမပျက်စီးသွားပါဘူး။

………….

ဘယ်လို ချစ်ခြင်းမျိုးကိုပဲ ဖြစ်ဖြစ် အလွယ်တကူ ခွဲပစ်နိုင်တာဟာ သူတစ်ပါးရဲ့ ကြားစကား၊ ကြားလုပ်ရပ်ပါပဲ။ ………….. တစ်ခါတစ်ခါ ကိုယ်ချစ်တဲ့ သူစကားထက် ကြားစကားကို ယုံမိတတ်တာဟာ ကြီးမားတဲ့ချစ်ခြင်းအတွက် ကြီးမားတဲ့ အန္တရာယ်တစ်ခုပါပဲ။

…………….

ချစ်ခြင်းက ထာဝရလား။ ဟင့်အင်း…..ချစ်ခြင်းလည်း ထာဝရ မဟုတ်ဘူး…။ ချစ်ခြင်းလည်း မခိုင်မာ……….၊ ထာဝရမဟုတ်တာတွေပဲ ထာဝရဖြစ်နေတာ ထာဝရပါပဲလေ………..။

…………..

Love is a fabric that never fades, no matter how often it is washed in the waters of adversity and grief.

"ချစ်ခြင်းမေတ္တာဆိုတာ အခက်အခဲဆိုတဲ့ ရေတွေ၊ သောကဆိုတဲ့ ရေတွေနဲ့ ခဏခဏ လျှော်ဖွတ်ခံရပေမယ့် ဘယ်တော့မှ အရောင်မှိန်မသွားတဲ့ အ၀တ်အထည် တစ်မျိုးပါပဲ"