Thursday, July 7, 2011

" လူ့ဘ၀ရောက်တုန်း ကံကောင်းအောင်လုပ်ကြ " (မဟာဗောဓိမြိုင်ဆရာတော်ကြီး)

" လူ့ဘ၀ရောက်တုန်း ကံကောင်းအောင်လုပ်ကြ "

 

- မသိမောဟနဲ့နေလာခဲ့ရတဲ့  တိရစ္ဆာန်ဘ၀ပေါင်းများစွာမှာ ကံဆိုးမိုးမှောင်ကျခဲ့ပြီးပြီ။

 လူ့ဘ၀ဆိုတဲ့  နေသာတဲ့နေ့ရက်တွေမှာ ကံကောင်အောင် လုပ်ကြပါတော့။ ဒါနက

  ကောင်းကံတွေ ဆည်ပေးနေသမျှ၊ သီလက စင်ကြယ်အောင် လုပ်ပေး

  ရမယ်။ အတိတ်ဘ၀က အကုသိုလ်တွေ ဆိုးကျိုးတွေ၊ ဒီဘ၀ရဲ့ အကုသိုလ်

  တွေကို သီလဖြင့် ဖယ်ရှားပေးရတယ်။ ဒါကြောင့် ဒါနပြုတိုင်း သီလဆောက်

  တည်ရတယ်။ ဒါန နဲ့ဝတ္ထုပစ္စည်းတွေ စွန့်လွှတ်ရသလို သီလအားဖြင့်

  ကိုယ်ခံစားရတဲ့ အာရုံတွေကိုတောင် စွန့်လွှတ်ရတယ်။

  ဒါနက ကိုယ်ချမ်းသာမှုနှင့် လမ်းရိက္ခာအတွက်

  သီလက စိတ်ချမ်းသာမှုနဲ့ လမ်းသွား...

  ဒီတော့ ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေဆိုတာ ဒါန များများပြုပြီး၊ သီလများများ

  ထိန်းပါလို့ ပြောတာနဲ့ မတူပေဘူးလား... ?                            

" ဒါန၊ သီလ လုပ်လို့ နတ်မင်းကြီးဖြစ်ရော ဆိုပါစို့၊ ကာမစည်းစိမ်နဲ့ ဘ၀စည်းစိမ်

 တွေ မက်မောလာပြန်တော့ -

 

    -  တဏှာက အမိန့်ပေးတိုင်းလည်း သူများ သွားစော်ကားပေးရတယ်ဗျ။

 

    -  မာနခိုင်းတိုင်းလည်း မော်ကြွားပေးရတယ်ဗျ။

 

    -  ဒိဋ္ဌိညွန်းတိုင်းလည်း ပြစ်မှားပေးနေရတယ်ဗျ။ အဲဒီတော့

 

ကံကောင်းလို့ နတ်မင်းကြီးဖြစ်တယ်ဆိုပြီး အကုသိုလ်က လွတ်သေးရဲ့လား။

" လိုချင်တာတွေ မျှော်ပြီးလုပ်နေသမျှ မလိုချင်တာတွေရလာလိမ့်မယ်။ "

တို့ဘုရားရှင်ကတော့ သိဒ္ဓတ္ထ အလောင်းတော်ဘ၀မှာတောင် စွန့်ခဲ့တာတွေ

နည်းသလား။ မိဖုရားတွေက သာကီဝင်တွေချည်း တစ်သောင်းခြောက်ထောင်၊

အခြားမျိုးတွေက တစ်သိန်းလေးထောင် ကာမစည်းစိမ်တွေ ဘယ်လောက်

စွန့်ပစ်ခဲ့ရသလဲ။ ရမ္မ၊ သုဘ၊ သုဘရမ္မဆိုတဲ့ နန်းမသုံးဆောင်နဲ့တကွ နန်းလုံးပြည့်

အဆောင်အယောင်တွေ ဘ၀စည်းစိမ်တွေကို လက်ပေါ်ကျလာတဲ့ မီးပွားလို

ခါချပစ်ခဲ့တယ်။ အပေါင်းကြာ အကောင်းမှာရိုးလို့ စွန့်နိုင်တာတွေပါကွာလို့ ပြော

ချင် ပြောပါစေဦး။

      -  နန်းရိပ်စွန့်ပြီး သစ်ရိပ်မှာ ပျော်နိုင်တဲ့သတ္တိ၊

 

      -  နတ်သုဒ္ဒါတမျှသော စားဖွယ်တွေ စွန့်ပြီး ဆင်းရဲသားသုံးဘောဇဉ်တွေ စားနိုင်တဲ့

        သတ္တိ၊

 

     -  နန်းဝတ်နန်းစား စွန့်ပြီး မြေမှုန့်ပေကပ် အ၀တ်စုတ်ပြတ်တွေကောက်ဝတ်နိုင်တဲ့

        သတ္တိ၊

 

      အဲဒီအလောင်းတော်တို့သတ္တိကို နတ်မင်းကြီးတွေ မတုပနိုင်ဘူး။ ဒီတော့ နတ်မင်းကြီး

တွေလည်း ပူဇော်ကြရတယ်။ ခစားကြရတယ်။

       တစ်ခါ ဗြဟ္မာကြီးတွေ ဆိုပါတော့၊ သူတို့လည်း သူတို့ဘ၀ သူတို့ စည်းစိမ်သာယာ

နေသေးတာပဲ၊ မစွန့်လွှတ်နိုင်ဘူး။ ဘ၀တဏှာကများ ခိုင်းခဲ့ရင် ဒီထက်ဈာန်ယာဉ်

ပွားပြီး ဘ၀စည်းစိမ်ခံစားနေကြဦးမှာ။ တို့ဘုရား အလောင်းတော်ကတော့ အာဠာရ၊

ဥဒက ရသေ့ကြီးတွေနဲ့တွေ့ချိန်ကတောင် ဒါ လမ်းဆုံးမဟုတ်ဘူး ဆိုပြီး ဈာန်လမ်း

ကို ပယ်ခဲ့တာ၊ ဒီသတ္တိမျိုး ဗြဟ္မာတွေမှာလည်း မရှိဘူး။ ဒီတော့ ဗြဟ္မာတွေလည်း

မနေသာလာပြီး ပူဇော်ခစားရတယ်။

     ဗုဒ္ဓဘာသာဆိုတာ အဲဒီလောက် အဆင့်မြင့်တယ်။

     နတ်ဗြဟ္မာတွေတောင် ခစားပူဇော်ရတဲ့ တရားမျိုး လူ့ဘ၀၊ လူ့လက်ထဲမှာပဲ

ရှိတယ်။ ဘာဖြစ်လို့ ရေစုန်မျှော်လိုက်နေကြရမလဲ။ တိရစ္ဆာန်တွေလောက် ကံဆိုး

မိုးမှောင်ကျနေလို့လား။ ကျင့်နိုင်တဲ့အစွမ်း၊ သိနိုင်တဲ့ဥာဏ်မရှိကြလို့လား။ အဲဒီ

တော့ တိရစ္ဆာန်ဘ၀က ကံဆိုးမိုးမှောင်တွေကို ဒါန၊ သီလနဲ့ဖယ်ရှားပြီး ၊ ကံကောင်း

အောင်လုပ်ဆိုတာ ဘာဝနမှုသတိဆိုတဲ့ ရှုမှတ်မှု အမြဲရှိနေရမယ်လို့ ပြောတာ။

                                                         - မဟာဗောဓိမြိုင်ဆရာတော်ကြီး

 

ဤဓမ္မစာစဉ်ဖြင့် မြတ်ဗုဒ္ဓအားလည်းကောင်း၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားအား

လည်းကောင်း ပူဇော်ကန်တော့အပ်ပါသည်။

                                                          - ဗုဒ္ဓဘာသာလူငယ်များအသင်း

Thursday, June 30, 2011

“ဝါဆိုလပြည့်ဓမ္မစကြာနေ့”



          ဘုရားအလောင်းတော် သိထ္တမင်းသားသည် အနော်မာသောင်ကမ်း၌ ဆံတော်ကိုပယ်ကာ
တော သို့ဝင်ပြီး အာဠာရနှင့်ဥကဒ ရသေ့ကြီးနှစ်ပါးထံနည်းခံ၍ တရားကျင့်ရာ လောကီ ဈာန် သမာပတ် များကိုသာရ၍ အမတနိဗ္ဗာန်တရားမှန်ကိုမရသဖြင့်
...ထိုအရပ်ဒေသမှဖယ်ခွါ ထွက်ခွါခဲ့လေသည်။

          ဥရုဝေလတော နေရဉ္ဇနာမြစ်ကမ်းပါးတွင် ပဉ္စဝဂ္ဂီငါးဦးတို့၏ လုပ်ကျွေးပြုစုမှုကိုခံယူ၍ ဒုက္ကစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ပါသော်လည်း
အမတနိဗ္ဗာန်တရားမှန်ကိုမရသဖြင့် ပြင်းထန်သောအကျင့် ကိုစွန့်ပယ်၍တရားလမ်းကြောင်းပြောင်းရန် အစာရေစာများ ပြန်လည်မှီဝဲသဖြင့်
ပဉ္စဝဂ္ဂီငါးဦးတို့က တရားထူးရတော့မည် မဟုတ်ဟု အထင်လွဲကာ ဖဲခွါထွက်သွားကြလေတော့သည်။

         ဗုဒ္ဓအလာင်းတော်သည် ပြင်းထန်လွန်းသော နှစ်ဖက်စွန်းကျင့်စဉ်ကို ပယ်၍အလယ်အလတ် မဇ္ဈိမ ပဋိပဒါ သမထဘာဝနာကျင့်စဉ်ဖြင့် မဟာသက္ကရာဇ် ၁၀၃- ခု (ခရစ်မပေါ်
မှီ ၅၈၈ နှစ်) (၅၈၈- ဘီစီ) ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင်ဗောဓိပင်နှင့်ရွှေပလ္လင်ပေါ် ၌ သဗ္ဗညုတ အလုံးစုံကိုသိတော်မူသော ဘုရားရှင်ဖြစ်တော်မူခဲ့ပါသည်။ ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဟုခေါ်ဆိုသတ်မှတ်ကြပါသည်။
        ဘုရားဖြစ်လျှင်ဖြစ်ချင်း ပထမဆရာများဖြစ်ခဲ့ကြသော အာဠာရနှင့်ဥဒကရသေ့နှစ်ပါးတို့အား ကျေး ဇူးဆပ်တရားဟောရန် ဆင်ခြင်ရာ
စုတေ့ကွယ်လွန်ကုန်ကြပြီးဖြစ်၍ ဥရုဝေလတောတွင် အနီးကပ်အလုပ်အကျွေးပြုစုခဲ့ကြသော ပဉ္စဝဂ္ဂီငါးဦးတို့ရှိရာ မိဂဒါဝုန်တောသို့ ကြွ၍ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစ ကြာတရားဦး ဒေသနာတော်ကို ဟောတော်မူခဲ့လေသည်။ထို့ကြောင့် ဝါဆိုလပြည့်ကို "ဓမ္မစကြာနေ့" ဟူ၍ သတ်မှတ်ခေါ်တွင်ကြလေသည်။

"ဒွေမေဘိက္ခဝေ" အစချီသော ဓမ္မစကြာတရားတော်ကိုဟော၍အဆုံး၌ အရှင်ကောဏ္ဍည သည်သောတာပန်အဖြစ်သို့ ရောက်လေ၏။ ထို့နောက် "ဧဟိဘိက္ခု" (ရဟန်းလာလော့)
ရဟန်းအဖြစ်ကိုခံ ယူလေ၏။ဗုဒ္ဓဘုရားရှင်သည် မိဂဒါဝုန်တော၌ပင် ဝါကပ်တော်မူလျက် ဝါဆိုလပြည့်ကျော်
(၁) ရက်နေ့မှစ၍ မြို့ ရွာ အတွင်းသို့ ဆွမ်းခံမျှကြွတော်မမူဘဲပဉ္စဝဂ္ဂီငါးဦးတို့၏ ကမ္မဌာန်းအလုပ်၌ ဖြစ်ပေါ်တတ်သော အညစ်အကြေး
အနှောင့်အယှက်တို့ကို တားဆီးရန်အလို့ငှာ နေ့ညဥ့်မပြတ် အဆုံးအမသြဝါဒပေးခြင်းဖြင့် ကျောင်းတိုက်အတွင်းမှာပင် သီတင်းသုံးနေတော်မူ၏။

ပဉ္စဝဂ္ဂီ ငါးဦးတို့အနက် နှစ်ပါးသောရဟန်းတို့ကို ဆုံးမသြဝါဒပေးတော်မူစဉ်
သုံးပါးသောရဟန်းတို့ သည် ဆွမ်းအတွက်လှည့်လည်ကြကုန်၏။ ထိုဆွမ်းဖြင့်
ဗုဒ္ဓဘုရားရှင်နှင့်တကွ ပဉ္စဝဂ္ဂီ ငါးဦးတို့သည် မျှတ ကုန်၏။
သုံးပါးသောရဟန်းတို့ကို ဆုံးမသြဝါဒပေးတော်မူစဉ် နှစ်ပါးသောရဟန်းတို့သည်
ဆွမ်းအ တွက်လှည့်လည် ကြကုန်၏။ ထိုဆွမ်းဖြင့် အားလုံးခြောက်ပါးတို့
မျှတကြကုန်၏။ ဤနည်းဖြင့် အဆုံး အမသြဝါဒပေးတော်မူရာ ဝါဆိုလပြည့်ကျော် (၁)
ရက်နေ့၌ ဝပ္ပ မထေရ် သောတာပန်ဖြစ်၏။ ဝါဆို လပြည့်ကျော် (၂) ရက်နေ့၌ ဘဒ္ဒိယ
မထေရ် သောတာပန်ဖြစ်၏။ (၃) ရက်နေ့၌ မဟာနာမ် မထေရ် သောတာပန်ဖြစ်၏။ (၄)
ရက်နေ့၌ အဿရိ မထေရ် သောတာပန်ဖြစ်၏။ ဤသို့အစဉ်အတိုင်း သော
တာပတ္တိဖိုလ်၌တည်ကြ၍ "ဧဟိဘိက္ခု" ရဟန်းအဖြစ်ကို အသီးသီးခံယူကြလေ၏။

ဝါဆိုလပြည့်ကျော် (၅) ရက် ရဟန္တာနေ့ ။ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့၌
ဗုဒ္ဓဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏာသုတ်ကို ဟောကြားတော်မူ၏။
သုတ်အဆုံး၌ ပဉ္စဝဂ္ဂီငါးဦးတို့ သည် အရဟတ္တဖိုလ်တည်ကြ၍ "ရဟန္တာ" ဖြစ်ကြလေ၏။

ဗုဒ္ဓဂေါတမ၏သာသနာတော်၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် ရှေးဦးစွာရဟန္တာဖြစ်ကြသူများဖြစ်၏။

ဝါဆိုလပြည့်ကျော် (၅) ရက်နေ့သည် လူသားငါးဦးတို့
ရှေးဉီးစွာရဟန္တာဖြစ်သောနေ့ဖြစ်သဖြင့် "ရဟန္တာနေ့" ဟု
ဥဒါန်းမော်ကွန်းတွင်လေ၏။ ဝါဆိုအဓိပ္ပါယ်မှာ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ (ဝါကျွတ်) သီတင်းကျွတ်လပြည့်နေ့ထိ
ခရီးမထွက်၊ ဒေသစာရီမကြွဘဲ မိမိကျောင်းတွင်
သီတင်းသုံးနေထိုင်ခြင်းပင်ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သိမ်တွင် "ပဝါရဏာ"
"ပန်ကြားခြင်း" "မြင်၊ ကြား၊ သံသယ ယုံမှားခြင်း" ရှိပါက ပြောဆိုကြပါ
"ပန်ကြားပြုကြပြီး" လျှင် ဝါဆိုခြင်းကိစ္စပြီးဆုံးခြင်းကို ဝါကျွတ်သည်၊
ဝါမှထွက်သည်ဟု ခေါ်ဆိုကြပါသည်။

ဓမ္မစကြာအဓိပ္ပါယ် -
ဓမ္မ + စက္က >စကြာ > စက်ဝိုင်း
ဓမ္မ = သဘောတရား - လည်ပတ်သောလှည်းဘီး၊ လည်ပတ်နေသောစက်ဝိုင်း
ဗုဒ္ဓက ဓမ္မစကြာတွင် -
အစွန်းအယုတ်ဟုခေါ်ဝေါ်သမုတ်အပ်ကုန်တရား နှစ်(၂) ပါးရှိသည်။ (၁) ပထမ
တစ်ပါးမှာ ယုတ်မာ သော ရွာသူ ရွာသား မြို့သူ မြို့သားတို့၏ လက်သုံး
လက်ကိုင်ဖြစ်သော၊ ပုထုစဉ်သတ္တဝါတို့၏ အလေ့ အမူအရာဖြစ်သော၊
အရိယပုဂ္ဂိုလ်တို့နှင့်မဆိုင်သော၊ အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီ
အာရုံကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာတုံငြားလိုက်စားအားထုတ်မှုဟုဆိုအပ်သော
အကြင် အစွန်းသမုတ် အယုတ်တရားမျိုးသည်ရှိလေ၏။ ဤသည်ကား (၁) ပါးတည်း။
(ဆိုလိုသည်မှာ - အိမ် ထောင်ပြု ၊ သားမွေး လင်နှင့်မယား
ကာမချမ်းသာနှင့်ပျော်ပါးနေသောလမ်း။ (ကာမသုခလ္လိကာနု ယောဂ)

(၂) ဒုတိယတစ်ပါးမှာ - ကိုယ်ချမ်းသာမှုမဖက် ဆင်းရဲမှုသက်သက်မျှသာဖြစ်သော၊
အရိယပုဂ္ဂိုလ်တို့ နှင့်မဆိုင်သော၊ အကျိုးတစုံတရာနှင့်မစပ်ယှဉ်သော၊
ရေချိုး၊ မီးလှုံ၊ ဆူပုံ၌အိပ်ခြင်း အစရှိသသည့် မိမိ
ကိုယ်ကိုပင်ပန်းအောင်သာလွန်ကြိုးစားလေ့ရှိသော အကြင်အစွန်းဟုခေါ်ဝေါ်သမုတ်
အယုတ်တရားမျိုးရှိ လေ၏။ ဤသည်ကား (၁) ပါးတည်း။ (ဆိုလိုသည်မှာ -
မိမိကိုယ်ကိုအမျိုးမျိုးနှိပ်စက်၍ကျင့်သော အကျင့် (အတ္တကိလမထာနုယောဂ) ဖြစ်၏။

အလယ်လမ်း (ကျင့်စဉ်)
"မဇ္ဈိမာပဋိပဒါ"
စင်စစ်နှစ်ပါးကုန်သော ထိုအစွန်း(အယုတ်) တရားတို့ကို မကပ်မရောက် (မကျင့်
မပြုလုပ်) မူ၍ ဗုဒ္ဓ(ငါ ) ဘုရားသည် အကြင် အလယ်လမ်းဟုဆိုအပ်သောအကျင့်မြတ်ကို
သဗ္ဗညုတ အလုံးစုံကိုသိ တော်မူသောဉာဏ်တော်အလင်းဖြင့်
ထိုးထွင်း၍သိတော်မူအပ်လေပြီ။

ထိုအလယ်လမ်းဟုဆိုအပ်သော အကျင့်မြတ်သည် (၁)
သစ္စာလေးပါးကိုမြင်စေနိုင်ဘိသော ပညာ မျက်စိကိုလည်းပြုပြင်စီရင်တတ်ပေ၏။
(၂)အသိဉာဏ်ပွင့်လင်းမှုကိုလည်းပြုပြင်စီရင်တတ်ပေ၏။
(၃) ကိလေသာမီးအပြီးချုပ်ငြိမ်းစေခြင်းငှါ၊ ဉာဏ်ကွန်မြူး၍အထူးသိစေခြင်းငှါ၊
မဖေါက်မပြန် မှန်ကန်
ကေားင်းမွန်စွာသိစေခြင်းငှါ ၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်း၍
ဇာတ်သိမ်းခြင်းငှါဖြစ်၏။ ထိုအလယ်လမ်း
ဟုဆိုအပ်သောအကျင့်မြတ်သည် အဘယ်နည်း။ အရိယာမြင့်မြတ်သော
ပုဂ္ဂိုလ်တို့၏လက်ကိုင်
ဖြစ်၍ မြင့်မြတ်သောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော
ဤမဂ္ဂင်ရှစ်ပါးတရားသည်ပင်တည်း။ ဤမဂ္ဂင်ရှစ်
ပါးတရားဟူသည် အဘယ်နည်း။

(*သမ္မာကို မှန်ကန် (သော) ၊ တရား (သော )၊ လမ်းကျ (သော )၊ ကောင်း(သော
)ဟူ၍ပြန်ဆိုနိုင်
၏။)

၁) ကောင်းစွာမြင်ခြင်း = သမ္မာဒိဋ္ဌိ
၂) ကောင်းစွာကြံခြင်း = သမ္မာသင်္ကပ္ပ
၃) ကောင်းစွာပြောဆိုခြင်း = သမ္မာဝါစာ
၎) ကောင်းစွာပြုလုပ်ခြင်း = သမ္မကမ္ဖ န္တ
၅) ကောင်းစွာအသက်မွေးခြင်း = သမ္မာအာဇီဝ
၆) ကောင်းစွာအားထုတ်ခြင်း = သမ္မာဝါယမ
၇) ကောင်းစွာအောက်မေ့ခြင်း = သမ္မာသတိ
၈) ကောင်းစွာတည်ကြည်ခြင်း = သမ္မာသမာဓိ

မဂ်စိတ် (၄) ခု၌ရှိသော အထက်ပါ မဂ္ဂင်တရားကိုယ်ရှစ်ပါးသည်
မဂ္ဂသစ္စာမည်၏။ ဤမဂ္ဂသစ္စာ ကိုကျင့်ကြံပွါးများအားထုတ်လျှင် သန္တိသုခ
ချုပ်ငြိမ်းရာအမှန်နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို ရရှိနိုင်ပါ၏။
ထို့ကြောင့်မဂ္ဂသစ္စာသည် အကြောင်းတရားသစ္စာဖြစ်၏။ ထိုအကြောင်းကြောင့်
အကျိုးသစ္စာနိရောဓသစ္စာကို ရရှိ၏။ ဤသို့အကြောင်း အကျိုးလည်ပတ်သော
ကြောင့်ဓမ္မစက္က = ဓမ္မစကြာ = လှည်းဘီးကဲ့သို့လည်ပတ်သောစက်ဟူ၍ဆို၏။

သစ္စာလေးပါး ဓမ္မစကြာတရား
သစ္စာလေးပါး (အဘိဓမ္မာတရားကိုယ် )
၁။ လောကီစိတ် (၈၁) လောဘကြည်သော (မပါသော ) ၊ စေတသိက် (၅၁)။ ရုပ် (၂၈)။
ဤတေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) မည်၏။

ဓမ္မစကြာသုတ်လာ ဆင်းရဲဒုက္ခ (၈)မျိုး
၁) ပဋိသန္ဓေတည်နေရခြင်းသည်လည်းဆင်းရဲ၏။
၂) အိုရခြင်းသည်လည်း ဆင်းရဲ၏။
၃) နာရခြင်းသည်လည်း ဆင်းရဲ၏။
၎) သေရခြင်းသည်လည်း ဆင်းရဲ၏။
၅) မချစ်သောသူ (ရုပ်နာမ်စသည်တို့နှင့်) အတူနေရခြင်းသည်လည်း ဆင်းရဲ၏။
၆) ချစ်နှစ်သက်သောသူ (နိဗ္ဗာန်ချမ်းသာ) တို့နှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ ၏။
၇) လိုချင်ရာကို (နိဗ္ဗာန်ချမ်းသာ) မရခြင်းသည်လည်း ဆင်းရဲ၏။
၈) အကျဉ်းအားဖြင့်စွဲလမ်းရာ အာရုံဖြစ်သောခန္ဓငါးပါးတို့သည် ဆင်းရဲကုန်၏။
ဤဒုက္ခသစ္စာသည်ကား အကျိုးတရား (ဆင်းရဲအမှန်) သစ္စာဖြစ်၏။ ဗုဒ္ဓသည် တရားရှာသူ ၊
တရားနာယူသူများအလွယ်တကူသိမြင်နိုင်စေရန်အတွက် အကျိုးတရား ဒုက္ခသစ္စာကို
ပထမထား၍ ဟော၏။
၂။ ဒုက္ခဆင်းရဲ၏ ဖြစ်ရန်အကြောင်းတရားဖြစ်သော တဏှာဟူသော လောဘစေတသိက်သည်
သမုဒယ သစ္စာ(ဆင်၊ရဲဖြစ်ကြောင်းအမှန်ဖြစ်၏။
လိုချင်တပ်မက်ခြင်းတည်၊ ဟူသောတဏှာလောဘကြောင့် ရုပ်နာမ်ခန္ဓာကိုရရှိသဖြင့်
ထိုဒုက္ခ(ဆင်း ရဲ)သစ္စာကိုရရှိကြသည်။
ဤသို့ တဏှာလောဘ သမုဒယ သစ္စာတည်းဟူသော အကြောင်းတရားကြောင့် အကျိုးတရား
များဖြစ်သော ဒုက္ခဖြစ်ရလေ၏။

သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်၏ မဂ္ဂသစ္စာကြောင့် နိရောဓသစ္စာကိုရ၏ ဤသို
့ကြောင်း ကျိုးစက်လည်ပတ်ခြင်းကို ဓမ္မစကြာခေါ်ဆိုလေသည်။

အနတ္တအဓိပ္ပာယ်

အနတ္တ =ငါမဟုတ်၊ မိမိအလိုသို့ မလိုက်ပါခြင်း အစိုးတရမိမိဖြစ်ချင်သကဲ့သို
့မဖြစ်ခြင်း
အနတ္တ = န +အတ္တ (အန် +အ)
န =မဟုတ် ၊ အတ္တ =ငါ =အနတ္တ =ငါမဟုတ် တနည်းအားဖြင့် =အနတ္တသဒ္ဒါသည်
(၁) အလိုသို့ မလိုက်ခြင်း ၊ မိမိဖြစ်ချင်သကဲ့သို့ မဖြစ်ခြင်းအနက်။
ဖြစ်ဆဲဥပါဒ်ခဏ၌ ရှိသောရုပ်သည် တည်ဆဲနီ ခဏ သို့ မရောက်ပါစေလင့်။
တည်ဆဲရုပ်သည် မအိုပါစေလင့်။ အိုသော ရုပ်သည် မပြိုမကွဲမပျက်စီးပါစေလင့်။
ဤသို့ စသည်ဖြင့် မိမိ တောင့်တတိုင်း မဖြစ်ခြင်း၊ အလိုသို့ မလိုက်ခြင်း
အနက်သဘောကြောင့် "အနတ္တ"မည်၏။

(၂) ပိုင်ဆိုင်သူမရှိခြင်းအနက်။

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တည်းဟူသော ခန္ဓာငါးပါးရုပ်နာမ်တရားတို
့သည် မိမိတို့ 
သဘောအတိုင်းသာဖြစ်ပျက်နေကြသည်။ "မည်သို့ ဖြစ်စေ၊ မည်သို့ ရှိစေ" ဟု အမိန်
့ပေးနိုင်သည့် ပိုင် စိုးသူတစ်စုံတယောက်မျှမရှိခြင်း အနက်သဘောကြောင့်
"အနတ္တ"မည်၏။

(၃) ပြုစုစီမံတတ်၊ ဖန်တီးတတ်သော အနက်သဘောမှ ဆိတ်သုန်းခြင်းအနက်။
ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ သည် ပြုလုပ်တတ်၊ ခံစားတတ်၊
ပြုပြင်စီရင်တတ်၊ ဖန်တီး တတ်သော သဘောမှ ဆိတ်သုန်းခြင်းအနက်သဘောကြောင့်
"အနတ္တ" မည်၏။

(၄) တိတ္ထိ တို့က မပျက်မစီးအမြဲတည်တံ့သည်ဟု စွဲယူသော "အတ္တ" ကိုပယ်ခြင်း။
သာသနာပတိတ္ထိ တို့သည် မပျက်မစီးအမြဲတည်သော အမာခံအနှစ်သာရကို "အတ္တ"
ဟုကြံဆစွဲ လမ်းကြကုန်၏။ ထိုအမာခံအတ္တသဘောမရှိခြင်းကြောင့် "အနတ္တ"မည်၏။

အနတ္တ ဓါတ်သဘော
ဤအနတ္တဓါတ်သဘောသည် ဗုဒ္ဓပွင့်တော်မူသော သာသနာတွင်း၌ လည်းကောင်း၊
ပွင့်တော်မမူ သော သာသနာပအခါ၌လည်းကောင်း၊ မိမိသဘာဝအတိုင်းတည်ရှိ၏။
သို့ရာတွင် ဖေါ်ထုတ်ဟော ကြားမည့်သူမရှိလျှင် သတ္တဝါတို့မသိနိုင်။
ဗုဒ္ဓပွင့်တော်မူလာသောအခါမှသာ ထိုအနတ္တဓါတ်သဘောကို ဟောကြားတော်မူ၏။
ထို့ကြောင့် လူ နတ် ဗြဟ္မာတို့ သိရှိနားလည်ကြရလေ၏။

အနတ္တလက္ခဏာသုတ်အကျဉ်းချုပ်
(က) ခန္ဓာငါးပါးတို့၏ အနတ္တဖြစ်ပုံ
(ခ) ခန္ဓာငါးပါးတို့၏ အနစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပုံ၊
(ဂ) ဝိပဿနာပညာ၊ မဂ်ပညာဖြင့်ရှုမြင်ပုံ
(ဃ) ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် အဆင့်ဆင့်ဖြစ်ပုံ၊
(င) ပဉ္စဝဂ္ဂီရဟန်းတို့ ရဟန္တာဖြစ်ပုံဟူ၍ အပိုင်း(၅)ပိုင်းဖြင့်ဟောကြားထားပါ၏။
ဤ "ဝါဆိုလပြည့် ဓမ္မစကြာနေ့" တွင် မဂ်ဖိုလ်တရားထူးကိုလိုလားတောင့်တသော
သူတော် ကောင်း အမျိုးသား အမျိုးသမီးအပေါင်းတို့သည်
အနတ္တလက္ခဏသုတ်ကို(ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို အနစ္စ၊ အမြဲမရှိ၊
ဒုက္ခဆင်းရဲ၏၊ အနတ္တအစိုးမရ မလိုမလိုက်၊) " ငါပိုင်သောပစ္စည်းမဟုတ်၊ ငါမဟုတ်၊
ငါ့ကိုယ်မဟုတ်" ဟု ဝိပဿနာဉာဏ်ပညာဖြင့် နေ့ညပွားများအားထုတ်၍ ခန္ဓာငါးပါး၌
အနတ္တလက္ခဏာထင်မြင်လျက်
အရဟတ္တဖိုလ်တိုင်အောင်ကြိုးစားအားထုတ်ကျင့်ကြံနိုင်ကြပါစေကုန် သတည်း။
ဦးထွန်းဝင်း B.A
ဓမ္မာစရိယ(မှ ရေးသား ထားသည် ကို ပြန်လည်မျှဝေပါသည်။ )

ကိုးကားသောစာအုပ်များ
၁။ ဓမ္မာစကြာသုတ်(လေးဘာသာ)
၂။ အနတ္တလက္ခဏသုတ်(လေးဘာသာ)
ဦးထွန်းဝင်း (ဘီအေ၊ ဓမ္မာစရိယ)
၂၀ဝ၆ ခုနှစ် အောက်တိုဘာလ
ဖြူပြာစာပေတိုက်၊ စွယ်တော်ပုံနှိပ်တိုက်
အမှတ် ၈၇/၅၆လမ်း၊ ရန်ကုန်မြို့
ဦးထွန်းဝင်း
နယ်စပ်ဒေသ
၃။ ဓမ္မစကြာသုတ် + အနတ္တလက္ခဏာသုတ်(ပါဠိ + မြန်မာ +အင်္ဂလိပ်)
အေးဝင်းရွှေပုံနှိပ်တိုက်၊ အမှတ် (၂၀၆) ၃၁ လမ်း ရန်ကုန်မြို့ ၁၉၉၃ - ခု ၊ မေလ။

Tuesday, June 28, 2011

ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်

by Young Buddhist's Association on Monday, June 27, 2011 at 6:00pm

 

 

                           ဒီစာစုလေးကို     ဗုဒ္ဓဘာသာဝင်     လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ   

တစ်ခြားဘာသာဝင်     လူငယ်များနဲ့   ယှဉ်လိုက်ရင်   ဗုဒ္ဓဘာသာဝင်   လူငယ်များ အနေနဲ့    ကိုယ့်ဘာသာအကြောင်း

ဘာမှ  ဂဃဏန   မသိဘဲ ဖြစ်နေလို့    သူတို့သူတို့လေးတွေကို   ရည်ရွယ်ပြီး    တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ

ဖြစ်ပါတယ်။    ဒီလိုပြောတော့   လူကြီးတွေက   သူတို့မပါဘူးလို့လည်း    ထင်နေကြဦးမယ်။   လူကြီးတွေလည်း

အသက်ကြီးနေလို့    သီးသန့်ခေါင်းစဉ်    မတပ်လိုပေမယ့်   မသိသူတွေ များနေမယ်ဆိုတာတော့   အတော်များများက

လက်ခံကြမှာပါ။    ဒီလိုဆိုတော့   ဒီစာစုလေးဟာ   လူငယ်တွေအတွက်  ဆိုတာထက်   ဗုဒ္ဓဘာသာ အမည်ခံထားပြီး

ဘာမှမသိဘဲ ဖြစ်နေတဲ့   သူတွေအတွက်လို့   ဆိုရင်ပိုမှန်ပါလိမ့်မယ်။    ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့

အားနည်းချက်က အဲဒါပါပဲ။    လူကြီးလူငယ်   အတော်များများက   ကိုယ့်ဘာသာအကြောင်း မေးလာရင်

အင်းအဲနဲ့ပဲ   တိကျတဲ့အဖြေကို  မပေးနိုင်ဘဲ   ဖြစ်နေကြတဲ့ အဖြစ်ပါ။

 

                                ဟုတ်ပါတယ်။    အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက်    မြန်မာလေးတွေအတွက်

တရားလေးတွေ   ဟောပေးနေတော့    ဒီအားနည်းချက်ကို   ဘုန်းဘုန်းတို့က သိနေရပါတယ်။  တစ်ခါတစ်လေလည်း

လူငယ်လေးတွေနဲ့   စကားပြောဖြစ်တော့    သူတို့တွေ   ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ

အတော်များနေပါလားလို့   သတိပြုမိခဲ့ပါတယ်။    မသိတာတွေများဆို  အခြေခံ သိသင့်သိထိုက်တာက

အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။   ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့    အပြစ်ပုံချလို့လည်း

မဖြစ်ပါဘူး။    အခြေခံ နည်းစနစ်ကအစ   ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက်   မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့

ပတ်သက်ပြီး   အသိပညာ    ဗဟုသုတ  အားနည်းခဲ့တာလို့ပဲ   ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။   အားနည်းချက်ကို

အသားထား။    အခုအချိန်ရှိတုန်း  လုပ်သင့်တာက မသိတာကို   သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့

တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ   အင်တာနက်ကို  အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း  မဆိုးလှပါဘူး။

ဘာသာတရားနဲ့   ပတ်သက်ပြီး   သိချင်တာမှန်သမျှကို   အင်တာနက် စာမျက်နှာတွေမှာ   အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက်   ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့    မသိပါဘူးဆိုပြီး ဒီအတိုင်း    နေကြတာထက်စာရင်

ကိုယ်ကိုးကွယ်တဲ့    ဗုဒ္ဓဘာသာအကြောင်း     သိသင့်သိထိုက်တာလေးတွေတော့  သိနိုင်အောင် ကြိုးစားကြရမှာ

ဖြစ်ပါတယ်။

 

                           သိသင့်သိထိုက်တာဆိုတော့    ဗုဒ္ဓဘာသာကို စတင်တည်ထောင်   ဟောကြားပေးခဲ့တဲ့

ဗုဒ္ဓဘုရားရှင်ရဲ့   ဖြစ်စဉ်အကျဉ်းကစပြီး    သိထားဖို့ လိုပါတယ်။     ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ

ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို    ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊    ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့

ဗုဒ္ဓဘာသာဝင်   တစ်ယောက်ရဲ့    ကျင့်ကြံလိုက်နာမှု အကြောင်း   စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး    အကျဉ်းလောက် သိထားရင်ကိုပဲ    မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့်    ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့    ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ

စွဲစွဲမြဲမြဲ   မှတ်သားထားဖို့  တိုက်တွန်းလိုပါတယ်။

 

ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း

 

လူအမည်                            = သိဒ္ဓတ္ထ

ဘုရားဘွဲ့အမည်တော်          = ဂေါတမဗုဒ္ဓ

မွေးသက္ကရာဇ်                      = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)

မိဘအမည်                          = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား

နေပြည်တော်                      = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)

အမျိုးအနွယ်                       = သကျသာကီဝင် မင်းမျိုး

အိမ်ထောင်ပြုချိန်                = အသက် ၁၆နှစ်အရွယ်

ဇနီး                                    = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ

သားတော်                           = ရာဟုလာ      

နန်းစည်းစိမ်စံနှစ်                 = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)

တောထွက်ချိန်                    = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊

                                             တနင်္လာနေ့ (BC- 594 ခန့်)

ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊

                                              ဒုက္ခစရိယ မဟုတ်ပါ။)

ဘုရားဖြစ်ချိန်                      = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊

                                             ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)

တရားဟောသည့်ကာလ       = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)

ပရိနိဗ္ဗာန်စံတော်မူသည့်နှစ်   = သက်တော် ၈၀၊   ဝါတော် ၄၅ဝါ၊   မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊

                                             ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)

 

ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ်  အကျဉ်းပဲ ဖြစ်ပါတယ်။    ဆက်ပြီးသိထားဖို့လိုတာက  ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့

သိသင့်တာလေးတွေ   သိထားရမှာ ဖြစ်ပါတယ်။

 

ဗုဒ္ဓ

 

                      ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင်    ဒီစကားလုံး အဖွင့်အတိုင်း  "သိသူ"  လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။

သိတယ်ဆိုတော့    ဘာကိုသိတာလဲ ဆိုရင်    သစ္စာလေးပါး အပါအဝင်  သိစရာမှန်သမျှ အားလုံးကို သိတာလို့

ဖြေရမှာပေါ့။   အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊    သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့

ထပ်ပြီးမေးခွန်း  ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ   သစ္စာလေးပါး တရားတော်ကို    ဆရာမရှိဘဲ

ကိုယ်တော်တိုင်    ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့    သိရှိတော်မူတာဖြစ်ပြီး   ကိုယ်တော်မြတ်

သိတော်မူတဲ့အတိုင်း    ဝေနေယျ သတ္တဝါတွေကိုလည်း    သိစေတော်မူတဲ့သူလို့   အလွယ်နားလည်

မှတ်သားထားနိုင်ပါတယ်။    ဗုဒ္ဓဆိုတော့ ဒီနေရာမှာ

 

၁။ သမ္မာသမ္ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။

 

                        သမ္မာသမ္ဗုဒ္ဓဆိုတာ    လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို

လိုက်ပြီး ကွဲပြားမှုရှိ)    ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ    ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ

သိစရာမှန်သမျှ    အကြွင်းအကျန်မရှိ    အကုန်အစင်ကို    သိတော်မူနိုင်တဲ့    သဗ္ဗညုတဉာဏ်တော်ကို

ရရှိတော်မူပြီး     ကိုယ်တော်မြတ်    သိတော်မူတဲ့   သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း

သိစေတော်မူနိုင်တဲ့   ဘုရားမျိုး ဖြစ်ပါတယ်။

 

                        ပစ္စေကဗုဒ္ဓဆိုတာ  နှစ်အသင်္ချေနဲ့   ကမ္ဘာတစ်သိန်း  ကာလကြာအောင်    ဒါန၊ သီလစတဲ့

ပါရမီတော်တို့ကို   ဖြည့်ကျင့်တော်မူကာ    ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ    ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး

သစ္စာလေးပါး  တရားတော်ကို     ဆရာမကူ ကိုယ်တော်တိုင်   သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို

သိရှိအောင်    ဟောတော်မမူနိုင်တဲ့၊    သာသနာပကာလမှာ ပွင့်တော်မူတဲ့    ဘုရားငယ်မျိုး ဖြစ်ပါတယ်။

 

                        ဒီဗုဒ္ဓနှစ်မျိုးမှာ   အခုကြုံတွေ့နေရတဲ့     သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင်

ဖြစ်တော်မူတဲ့    ဂေါတမ မြတ်စွာဘုရားရှင်ရဲ့     သာသနာတော်ပဲ ဖြစ်ပါတယ်။       ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ   ကာလကို   သာသနာတွင်းကာလို့ခေါ်ပြီး     သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော်

မမူတဲ့ကာလကိုတော့    သာသနာပ ကာလလို့ခေါ်ကာ     အဲဒီသာသနာပ ကာလမှာပဲ   ပစ္စေကဗုဒ္ဓ အရှင်မြတ်များ

ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။    ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး    ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ

လူငယ်တွေအတွက်    မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ဗုဒ္ဓဘာသာ

 

                        ဗုဒ္ဓအကြောင်းကို   အနည်းငယ်   မိတ်ဆက်အနေနဲ့     သိထားပြီးရင်တော့    ဗုဒ္ဓဘာသာဆိုတာနဲ့

ပတ်သက်ပြီး   သိထားဖို့ လိုပါတယ်။    ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ   အယူဝါဒ၊ ဟောကြားချက်၊   

ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့    အယူဝါဒ၊    ဟောကြားချက်လို့ပဲ   အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။

ဘုရားရှင်ရဲ့  ဟောကြားချက်ဆိုတာ   ဘုရားဖြစ်တော်မူပြီးနောက်    ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့

ဘုရားရှင်ရဲ့    တရားတော်ကိုပဲ   ဆိုလိုတာ ဖြစ်ပါတယ်။    အဲဒီဟောကြားချက်ကိုပဲ    ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့

ပြောတော့     ပိဋကတ်သုံးပုံ၊    နိကာယ်ငါးရပ်၊    ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ဆိုတဲ့   အခေါ်အဝေါ်တွေ

ဖြစ်လာတာ ဖြစ်ပါတယ်။     ဒီအခေါ်တွေဟာ    အမျိုးမျိုး ဖြစ်နေပေမယ့်    ရည်ညွန်းချက်ကတော့    ၄၅နှစ်လုံးလုံး

ဟောကြားတော်မူခဲ့တဲ့     တရားတော်တွေကိုပဲ   ရည်ညွန်းတာ ဖြစ်ပါတယ်။     ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့    သီလ၊ သမာဓိ၊ ပညာ     ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။

 

                       ဗုဒ္ဓဘုရားရှင်ရဲ့    ဝါဒနဲ့ ပတ်သက်ပြီး    ဘုရားရှင်ရဲ့ ဝါဒဟာ       ကံကံရဲ့အကျိုးအပြစ်ကို

ဟောကြားတော်မူတဲ့     ကမ္မဝါဒ၊    အကြောင်းအကျိုးကို ထောက်ပြတဲ့    ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ 

အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့    ဝိဘဇ္ဇဝါဒ၊     အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို

ကျင့်သုံးတဲ့    မဇ္ဈိမပဋိပဒါ ဝါဒ၊      အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း     အနတ္တသဘောသာ

ရှိတယ်ဆိုတဲ့    အနတ္တဝါဒ စသဖြင့်  အမည်အမျိုးမျိုးနဲ့    ဖွင့်ဆိုပြောကြားနိုင်ပေမယ့်     အားလုံးကို

ခြုံပြီးပြောရမယ်ဆိုရင်တော့     ဘုရားရှင်ရဲ့ ဟောပြောပို့ချချက်      အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့

အမှန်တကယ်ဝါဒ (Realism)  ပဲ ဖြစ်ပါတယ်။     ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ

ဖြစ်ပါတယ်။     ဒီအမှန်တရားဟာလည်း     ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။     မှန်လို့ ဘုရားဟောတာပဲ

ဖြစ်ပါတယ်။     အဲဒါကို စာလိုပြောတော့     သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။    ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့

ဗုဒ္ဓဘာသာကို    အမှန်တကယ်ဝါဒ၊    အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။

 

                             ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ     အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင်

ရုပ်နာမ်များနဲ့   တည်ဆောက်ထားတဲ့    သတ္တဝါ အားလုံးမှာ အမှန်တကယ်    ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့

ဖြစ်ပါတယ်။    ဘုရားဟော တရားတွေဟာ    ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး     တခြားဘာသာဝင်တွေအတွက်

မမှန်ဘူးဆိုတာ မရှိပါဘူး။     နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့    သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။

 

                           ဆိုကြပါစို့။     ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ     ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က

"ပဋိသန္ဓေနေရတာ  ဒုက္ခ၊   အိုရတာဒုက္ခ၊   နာရတာ ဒုက္ခ၊    သေရတာဒုက္ခ၊     မချစ်မနှစ်သက်ဖွယ်တွေနဲ့

အတူယှဉ်တွဲနေရာတာ    ဒုက္ခ၊    ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့    ကွေကွင်းရတာ ဒုက္ခ၊      အလိုရှိတဲ့ အရာကို

မရတာဒုက္ခ၊     အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် " ဒုက္ခ"  လို့   ဖွင့်ဆိုဟောပြောပြပါတယ်။    

ဒီဟောကြားချက်ကိုကြည့်ရင်    ခန္ဓာရှိနေတဲ့သူမှန်သမျှ   ဘယ်နိုင်ငံ၊    ဘယ်လူမျိုး၊   ဘယ်သတ္တဝါမှာ မဆို

ဒီဒုက္ခက ရှိနေကြမှာ   အမှန်ပဲ ဖြစ်ပါတယ်။     ဆိုတော့ကား     ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့

အကြောင်းတရားကိုရှာတော့     တွယ်တာမှု သံယောဇဉ်      သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။      ဒါကို ဗုဒ္ဓက

သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း   အမှန်တရား တစ်ခုအနေနဲ့    ထပ်ပြီးရှင်းတော်မူပါတယ်။      အကြောင်းရှိရင်

အကျိုးရှိတတ်သလို     အကြောင်းချုပ်ရင်လည်း     အကျိုးချုပ်တတ်တဲ့    သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင်

ဒုက္ခချုပ်ကြောင်းလည်း      ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။     ဒီအတွက်   ဗုဒ္ဓဘုရားရှင်က    နိရောဓလို့ခေါ်တဲ့

နိဗ္ဗာန်ကိုဆိုက်ရင်     ဒီဒုက္ခလည်း     ချုပ်ပြီလို့ဆိုကာ       နိရောဓသစ္စာ   ဒုက္ခချုပ်ကြောင်း အမှန်တရားကို

ဟောတော်မူခြင်း ဖြစ်ပါတယ်။     အဲဒီလိုဆိုတော့      ဒီဒုက္ခချုပ်ရာကို    သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့်

လမ်းလည်းရှိဖို့    လိုလာပြန်ပြီဖြစ်ပါတယ်။     ဒီအတွက် ဘုရားရှင်က     မှန်ကန်တဲ့       မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို

ရှင်းလင်းပြသကာ    မဂ္ဂသစ္စာဖြစ်တဲ့     ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ     လမ်းမှန်ကို ပြသတော်မူခြင်း

ဖြစ်ပါတယ်။

 

                          ဒီသစ္စာလေးပါး     အဖွင့်ကိုကြည့်ရင်    အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ

တွေ့ရမှာ ဖြစ်ပါတယ်။     ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ      ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ     မှန်ကန်နေတဲ့အတွက်

ဘုရားဟော    တရားတော်၊    ဘုရားရှင်ရဲ့   အယူအဆတော်၊     ဗုဒ္ဓရဲ့ဝါဒတော်ကို     အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊  အမှန်သစ္စာတရားလို့    ဆိုခြင်းဖြစ်ပါတယ်။      ဗုဒ္ဓဘာသာခေါ်    ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး   ဒီလောက်လေး

သိထားရင်ကိုပဲ     မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ဗုဒ္ဓဘာသာဝင်

 

                            ဆက်လက်ပြီးတော့     ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး      သိထားသင့်တာလေးတွေကို

ပြောပြပေးမှာ ဖြစ်ပါတယ်။     ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့      ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ     ကျင့်သုံးကြတဲ့ သူတွေကို     ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။     တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊     ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ   မပါဘဲ   ကိုယ်ကိုယ်တိုင်    ကျေနပ်လက်ခံလို့     "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

- ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍     ဆည်းကပ်ပါ၏၊     ဓမ္မံ သရဏံ ဂစ္ဆာမိ  - တရားတော်ကို ကိုးကွယ်ရာဟူ၍

ဆည်းကပ်ပါ၏၊    သံဃံ သရဏံ ဂစ္ဆာမိ  - သံဃာတော်ကို ကိုးကွယ်ရာဟူ၍      ဆည်းကပ်ပါ၏"    လို့ဆိုကာ

သရဏဂုံတည်ပြီး      ဗုဒ္ဓဘာသာအဖြစ်     ခံယူထားကြသူတွေကို    ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

 

                           ဆိုတော့ကား   ကိုယ်ကိုယ်တိုင်     ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့   သရဏဂုံကို

ခံယူဆောက်တည်ပြီး     ဗုဒ္ဓဘာသာ ဖြစ်လာတဲ့    ဗုဒ္ဓဘာသာဝင်တွေ  အနေနဲ့ ဘာကြောင့်  ဘုရား၊  တရား၊   သံဃာ

ရတနာသုံးပါးကို     သရဏလို့ ဆိုတာလဲ၊     ဘာကြောင့် ရတနာသုံးပါးဟာ    ကိုးကွယ်ခံထိုက်တာလဲလို့

မေးလာခဲ့မယ်ဆိုရင်    "သတ္တဝါတွေရဲ့ ဘေးဒုက္ခကို   ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့်  

ရတနာသုံးပါးဟာ    သရဏ   အမည်ရကြောင်း၊     ရတနာသုံးပါးကို ကိုးကွယ်တာနဲ့    ပတ်သက်လို့ ဘုရားရှင်ဟာ

သတ္တဝါတွေကို    ကြီးပွားချမ်းသာကြောင်း      နည်းလမ်းကို ဖြစ်စေ၊    မကြီးပွား မချမ်းသာကြောင်း    မကောင်းတဲ့

နည်းလမ်းတွေကနေ    ပယ်ခွါစေ၊       အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့     ပြည့်စုံစေတဲ့အတွက်

ကိုးကွယ်ခြင်းဖြစ်ကြောင်း၊      တရားတော်ဟာလည်း     ကျင့်ကြံလိုက်နာသူတွေကို        ဘဝသံသရာ ခရီးမှ

ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊      ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း     သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့်

သတ္တဝါတွေရဲ့ ဘေးဒုက္ခကို    ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း      စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊

သံဃာတော်ဟာလည်း      ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊       ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့

အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း"   စသဖြင့်      ရတနာသုံးပါးကို      ကိုးကွယ်ရခြင်း အကြောင်းနဲ့

ပတ်သက်ပြီး       ဒီလောက်တော့     သိထားဖို့ လိုပါတယ်။

 

                              နောက် သရဏဂုံကို ခံယူပြီး     ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့    သူတစ်ယောက်အတွက်

မှန်ကန်တဲ့အယူဝါဒ    သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။     ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊

ကံကံရဲ့ အကျိုးတရား၊      အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက      တမလွန်လောက စတာတွေအပေါ်မှာ

သံသယမရှိ     အမှန်သိပြီး     ယုံကြည်လက်ခံဖို့ လိုပါတယ်။     ဒါမှလည်း      ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ

ဖြစ်နေမှာ ဖြစ်ပါတယ်။

 

                            ဒီတော့ကား       သရဏဂုံကို ခံယူထားပြီး      ဗုဒ္ဓဘာသာ ဖြစ်နေတဲ့  ဗုဒ္ဓဘာသာ တစ်ယောက်ဟာ

ဒီသရဏဂုံ    တည်မြဲဖို့အရေး၊     မပျက်စီးရေးအတွက်လည်း     ကြိုးစားအားထုတ်ဖို့ လိုပါတယ်။    စာပေမှာကတော့

သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း   (၂) မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။

၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။     ဒါကြောင့် ဒီနေ့ခေတ်   သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ

     ဒီမှာ အကြုံးမဝင်ပါဘူး။    သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို

     ပျက်သွားပါတယ်။

၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့    ဗုဒ္ဓဘာသာ တစ်ယောက်ဟာ    ရတနာသုံးပါးထက် ပိုပြီး

     တစ်ခြားအယူဝါဒတွေကို     လက်ခံယုံကြည်မယ်၊      ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို

     လက်ခံသွားမယ်ဆိုရင် ဒါလည်း    သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ    ပါဝင်ပါတယ်။    ဒီအချက်ကတော့

     အသက်ရှင်နေတဲ့     အချိန်မှာကို     သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက်   သတိပြုဖို့ လိုပါတယ်။

     ဒါပေမယ့်   တစ်ခါတလေ   ဘေးဒုက္ခတစ်ခုခု၊     အကြောက်တရား  တစ်ခုခုကြောင့်      စိတ်မပါဘဲ

     တစ်ခြားအယူဝါဒတွေကို    လက်ခံလိုက်နာ     လုပ်နေရတာတွေ     ရှိတတ်ပါတယ်။      ဒါကတော့ ကိုယ့်စိတ်က

     ရတနာသုံးပါးကို    တကယ်ပစ်လိုတဲ့    သဘောမဟုတ်တဲ့အတွက်    သရဏဂုံကတော့ မပျက်ပါဘူး။

     သရဏဂုံတော့    ညစ်နွမ်းနိုင်ပါတယ်။    ဒါကြောင့် ဒီအချက်ကိုလည်း     သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ

     ဖြစ်ပါတယ်။

 

                           ကံကံရဲ့ အကျိုးအပြစ်နဲ့   ပတ်သက်ပြီးတော့      ဗုဒ္ဓဘာသာတစ်ယောက်ဟာ    မကောင်းမှုကိုရှောင်ပြီး

ကောင်းမှုကို    ဆောင်ဖို့ လိုပါတယ်။      မကောင်းမှုဒုစရိုက်အမှုကို       မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး

ကောင်းမှုသုစရိုက်ကို      လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။     မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက်

သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။     အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ

မကောင်းမှု   ဒုစရိုက်ကိုလည်း     ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။      ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့

ကောင်းမှုလုပ်ခြင်း  ရည်ရွယ်ချက်က    နောက်ဆုံးပန်းတိုင်ဖြစ်တဲ့  နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့       နိဗ္ဗာန်မရခင်

သံသရာလည်ရတဲ့      အခါမှာလည်း    သံသရာခရီးမှာ     ချမ်းသာရေးအတွက်ပဲ    ဖြစ်ပါတယ်။    ဒီလို

ပန်းတိုင်တွေကို     လှမ်းကိုင်ဖို့အတွက်    နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့     သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး      နိဗ္ဗာန် မရခင် သံသရာလည်တဲ့    အခါမှာလည်း      ကောင်းတဲ့သုဂတိ

ဘဝတွေမှာဖြစ်ဖို့     သီလကုသိုလ်ကို     ကောင်းကောင်းထိန်းသိမ်းပြီး     ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ

ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။     ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ      ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို

လက်တွေ့လိုက်နာ ကျင့်ကြံပြီး    ကိုယ်လုပ်ရင် ကိုယ်ရမယ်၊    ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့    မှန်ကန်ပြီး

အကြောင်းအကျိုးသင့်တဲ့     အယူဝါဒကို     သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။   

ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး   လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။

 

                           ဒီလောက်ဆိုရင်တော့      ဗုဒ္ဓဘာသာဝင်တွေအတွက်      ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့

သိသင့်သိထိုက်တာလေးတွေကို     မိတ်ဆက်သဘောလောက်      သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး

ကျယ်ပြန့်လှတဲ့     ဗုဒ္ဓအဆုံးအမတွေကို     စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့    ပြည့်စုံအောင် တင်ပြဖို့

မဖြစ်နိုင်ပါဘူး။      ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ      သေသေချာချာ လေးလေးနက်နက်

ဖတ်မှတ်ထားမယ်ဆိုရင်    ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး    တစ်ယောက်ယောက်က    မေးလာခဲ့မယ်ဆိုရင်

ဘာမှမသိတာထက်စာရင်      သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။    သေချာတာကတော့

ဗုဒ္ဓဘာသာအဖြစ်    ခံယူထားပြီး   ဘာတစ်လုံးမှ   မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး

အထောက်အကူဖြစ်တဲ့    ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

 

                            ဒါကြောင့်   ဗုဒ္ဓဘာသာ ဖြစ်နေပြီး      ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့    ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတ

ဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့       ကိုယ်ကိုးကွယ်တဲ့  ဘုရား၊     ကိုယ်ကိုးကွယ်တဲ့  ဘာသာတရားနဲ့  ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့     ယုံကြည်မှု တရားတွေကို     နည်းနည်းလေးပဲ ဖြစ်ဖြစ်      အသိတစ်ခု ရရှိစေဖို့   အခုတင်ပြခဲ့တဲ့

ဗုဒ္ဓဘာသာ   မိတ်ဆက်လေးကို     လေ့လာပြီး    သိသင့်သိထိုက်တဲ့ အချက်တွေကို      သိအောင်ကြိုးစားရင်း

ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့     ကိုယ့်ကိုယ်ကို အသိအကျင့်   ထပ်တူဖြစ်အောင်သာ    လေ့လာကျင့်ကြံ

အားထုတ်ကြပါလို့    စေတနာကောင်းနဲ့   တိုက်တွန်းလိုက်ရပါတယ်။

 

 

by: Ashin Vicitta

 

http://www.facebook.com/ashinvicitta

(http://www.venvicitta.com/)