Buddhism Is The Religion of Freedom
ဒကာကြီးတို့ဘုန်းကြီးဆီကိုခဏခဏလာနေကြတယ်။ ဘုန်းကြီးဆီကိုခဏခဏလာရင် သက်သာမှာမဟုတ်ဘူး။ ဘုန်းကြီးကကိုယ်ကိုယ် တိုင်လည်းသက်သာအောင်မနေဘူး။ ဘယ်သူ့ကိုမှသက်သာအောင် လုပ်မပေးဘူး။ ဘုန်းကြီးက ဒကာကြီးတို့ကိုစဉ်းစားစရာတွေဘဲပြောမယ်။ အဆင်သင့်ယူ သွားစရာဘာမှမပေးဘူး။
ဘုန်းကြီးဆီကိုလာရင်ဒကာကြီးတို့လွယ်လွယ်နဲ့လက်ခံထားတာတွေကိုပြန်စဉ်းစားရလိမ့်မယ်။ ဒကာကြီးတို့ သိပြီးသား တွေကပြန်ပြီး စဉ်းစားရလိမ့်မယ်။ ဒကာကြီးတို့သိပြီးသားတွေကို ဟုတ်ရဲ့လားလို့ မေးရလိမ့်မယ်။ ကိုယ့်တာဝန်ကိုယ် ယူရလိမ့်မယ်။
လွတ်လွတ်လပ်လပ် အမှန်တရားကိုရှာမှ ဗုဒ္ဓဘာသာဝင်ပီသမယ်နော်။ ကြားရသမျှကိုယုံနေရင် ဗုဒ္ဓဘာသာဝင် မပီသဘူး။ ယုံရတာလွယ်တယ်။ ဘုန်းကြီးကမလွယ်တာကိုကြိုက်တယ်။ ဒကာကြီးတို့ကော လွယ်တာကြိုက်သလား၊ မလွယ်တာကြိုက်လား။
'တပည့်တော်တို့လည်း၊ မလွယ်တာပဲကြိုက်ပါတယ်ဘုရား၊ ဒါကြောင့် အရှင်ဘုရားဆီကိုမကြာမကြာလာတာပါ၊'
ဘုန်းကြီးကသံသယကြီးသူဖြစ်တယ်။ အထူးသဖြင့် ဘာသာရေးနဲ့ပတ်သက်လာရင် ပိုပြီး သံသယကြီးတယ်။ ယုံလွယ်တဲ့သူမဟုတ်ဘူး။ အကြောင်းအရာတစ်ခုအယူဆတစ်ခုကို အဘက်ဘက်ကစဉ်းစားတယ်။ မယုံဘဲနေလို့ရရင် မယုံပဲနေချင်တယ်။ ဟုတ်မှန်းမသိ မဟုတ်မှန်းမသိပဲနဲ့ သိမ်းကြုံးပြီး ယုံနေရတာကိုမလုပ်နိုင်ဘူး။ ကိုယ်စိတ်ကို ရှင်းထားချင်တယ်။ အခုလည်းစိတ်ကိုရှင်းထားလိုက်တာတော်တော်တော့ရှင်းသွားပြီ။
ဗုဒ္ဓဘာသာတရားကို ဘုန်းကြီးငယ်ငယ်ကတဲကစိတ်ဝင်စားလာတာ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓက 'မယုံနဲ့' လို့ပြောလို့ပဲ။ 'ယုံပါ၊ ယုံရမယ်။' လို့ပြောရင်ဘုန်းကြီးက'လာပြန်ပြီ၊ နောက်ဆရာတယောက်။ ယုံခိုင်းနေပြီ။ညာတော့မှာပဲ။' လို့တွေးပြီး လက်ခံမှာမဟုတ်ဘူး။ စိတ်ဝင်စားမှာမဟုတ်ဘူး။ 'မယုံပါနဲ့' လို့ပြောလို့ ဘုန်းကြီးကစိတ်ဝင်စားတာ။ 'လက်တွေ့စမ်းကြည့်တာ။ စာတွေ့လောက်နဲ့မှန်တယ်၊ မှားတယ်မဆုံးဖြတ်နိုင်ဘူး။ ဆုံးဖြတ်လို့ မရနိုင်ဘူး။ လက်တွေ့စမ်းဖို့လိုတယ်။
လက်တွေ့စမ်းပြီးမှ ဘုန်းကြီးကဗုဒ္ဓဘာသာတရားကို The Religion Of Freedom လို့ခေါ်လိုက်တယ်။
ဗုဒ္ဓဘာသာတရားဟာ Dogmatism မဟုတ်ဘူး။ Dogmatism ဆိုတာခိုင်လုံတဲ့အထောက်ထေားမရှိပဲ မှန်တယ်လို့ယုံရတာကို ခေါ်တယ်။ Dogmatism ဆိုတဲ့ စကားလုံးကိုအင်္ဂလိပ်အဘိဓာန်မှာ ကြည့်တော့-
Unfounded positiveness in matters of opinion အဓိပ္ပါယ်က' အယူအဆပိုင်းမှာ အထောက်အထား မရှိပဲ မှန်တယ်လို့ပြောတာ' လို့ တွေ့ရတယ်။
Unfounded ဆိုတဲ့စကားလုံး ဆိုတဲ့စကားလုံးကိုအဓိပ္ပါယ်ရှာကြည့်တော့ Without factual or rational foundation 'မှန်ကန်တိကျသော အချက်အလက် အထောက်အထား အုတ်မြစ် မရှိသော သို့မဟုတ် အကြောင်းအကျိုးခိုင်လုံမှု အုတ်မြစ်မရှိသော' လို့တွေ့ရတယ်။ အခြေအမြစ်မရှိတဲ့စကားကိုယုံရမှာလား။
Opinion တွေး၊မြင်ချက်တွေ၊ အယူအဆတွေ ကိုအမှန်တရားလို့ပြောနေကြတာပါ။ နှစ်နဲ့နှစ်ပေါင်း လေး ဆိုတာကိုဘယ်သူမှမငြင်းကြဘူး။ ဘာကြောင့်မငြင်းတာလဲ။ ငြင်းနေဖို့မလိုလို့ပေါ့။ ဘာကြောင့်ငြင်းနေဖို့မလိုတာလဲ။ ထင်မြင်ချက် မဟုတ်လို့။ သဘာဝဖြစ်လို့။ အမှန်တရားဖြစ်လို့။ လက်တွေ့သိနိုင်လို့။ အငြင်းအခုံ လုပ်နေရတာတွေဟာ ထင်မြင်ချက်တွေပဲ။ အမှန်တရားဟာ ငြင်းခုံနေစရာမလိုတဲ့အရာဖြစ်တယ်။
တချို့ကပြောကြတယ်။ အထောက်အထားမရှိပဲ ယုံတာမှ တကယ်ယုံတာ၊ အထောက်အထားခိုင်လုံမှ ယုံတာက တကယ်ယုံတာမဟုတ်ဘူးတဲ့။ တကယ်ယုံတာမဟုတ်လည်း အထောက်အထားနဲ့ ကိုယ်တွေ့မရှိပဲ လက်မခံနိုင်ဘူး။ ယုံတာကအဓိကမဟုတ်ဘူး။ သိတာကအဓိက။
မယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်းအများကြီး။ ယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများကြီး။ အဲဒီတော့ ကြောက်ကြောက်နဲ့ယုံလိုက်တာပဲ။
သံသယဖြစ်တယ်ဆိုတာ လူသားပဲဖြစ်နိုင်တယ်။ ဘယ်တိရိစ္ဆာန်မှသံသယမဖြစ်ဘူး။ သဘာဝကျကျအကြောင်း အကျိုးကိုက်အောင် စဉ်းစားနိုင်လည်း လူသားပဲ။ ဘယ်တိရိစ္ဆာန်မှအကြောင်းအကျိုး ကိုက်အောင်မစဉ်းစားနိုင်ဘူး။
အကြာင်း အကျိုးကိုက်အောင်စဉ်းစားနိုင်တဲ့
လူ့အရည်အချင်းကိုပိတ်ပင်တာဖျက်ဆီးတာဟာ
လူ့အရည်အချင်းကိုဖျက်ဆီးတာ။
ဒါဟာအရက်စက်ဆုံး အကြီးလေးဆုံး ပြစ်မှု ပဲ။
အမှန်တရားကို မသိအောင် ပိတ်ပင်တာအကြီးမားဆုံးပြစ်မှုကိုကြူးလွန်တာပဲ။
ဘယ်သူတွေကဒီပြစ်မှုကိုကြူးလွန်နေကြသလဲ။ လူတွေကိုလွမ်းမိုး ခြယ်လှယ်ချင်တဲ့သူတွေ။ လူတွေကို ကြောက်အောင်လုပ်ပြီး၊ ကိုယ်ကျိုးရှာချင်တဲ့သူတွေ။
စဉ်းစားခွင့်မပေးတာ၊ သံသယဖြစ်ခွင့်မပေးတာ၊ ကြောက်အောင်လုပ်တာဟာအသိဥဏ်ကိုသတ်လိုက်တာပဲ။ လူသားရဲ့အကောင်းဆုံးအရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကိုလူသားအဆင့်ကနေကျသွားအောင်လုပ်လိုက်တာပဲ။