Tuesday, February 10, 2009

ဗုဒ္ဓဘာသာသည်လွတ်လပ်သောဘာသာတရား (ဆရာတော်ဦးဇောတိက)- ၂


မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။ လူသားကို လူသားနဲ့ထိုက်ထိုက်တန်တန်အသိအမှတ်ပြုတယ်။ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာမထေရ်ကိုချီးမွမ်းတဲ့အချက်တခုက 'အသဒ္ဓါ' (မယုံသောသူ) တဲ့။ ဘာဖြစ်လို့ မယုံသောသူ လို့ချီးမွမ်းတာလဲ။ ယုံနေဖို့မလိုတော့လို့ပေါ့။ ဘာဖြစ်လို့ယုံနေဖို့မလိုတော့တာလဲ။ ကိုယ်တိုင် ကိုယ်တွေ့ သိသင့်တဲ့သူ ဖြစ်လို့ပေါ့။ ဘုန်းကြီးလဲမယုံသောသူပဲဖြစ်ချင်တယ်။ ဒကာကြီးတို့ကော......။

'တပည့်တော်တို့လည်း ကိုတိုင်သိချင်တယ်။ အဲဒါကို မယုံသောသူလို့ခေါ်ရင် မယုံသောသူပဲဖြစ်ချင်ပါတယ် ဘုရား'

ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးအကြီးဆုံးအချက်မဟုတ်ဘူး။ ကိုယ်တိုင်သိတာဟာ အရေးအကြီးတဲ့အချက်ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ်ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့တရားဖြစ်တယ်။ ဒါကြောင့် Buddhism is The Religion of Freedom လို့ခေါ်သင့်တယ်။       

ဗုဒ္ဓဘာသာတရားဟာ အဆင့်မြင့်ဆုံးလွတ်လပ်မှုကိုရောက်အောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ Buddhism is The Religion of Freedom ဖြစ်တယ်။

ဗုဒ္ဓဘာသာတရားဟာ စကတည်းက လွတ်လွတ်လပ်လပ် အမှန်တရားကိုရှာဖို့အားပေးတယ်။ မျက်ကန်း ယုံကြည်မှုကိုအားမပေးဘူး။ မြတ်စွာဘုရားက ငါဘုရား ဟောတာကိုယုံရမယ်။ မယုံရင်အပြစ်ရှိတယ်လို့မပြောဘူး။

ဘုရားဂုဏ်တော်တွေထဲမှာ-

သန္ဒိဌိကော၊ ကိုယ်တိုင်သိနိုင်တယ်။

ဧဟိပဿိကော၊ လာကြည့်ပါ၊ စမ်းကြည့်ပါ၊ လက်တွေ့လုပ်ကြည့်ပါ လို့ဆိုထားပါတယ်။

အဓိပ္ပာယ်က.... အပြောကိုယုံနေဖို့မလိုဘူး။ လက်တွေ့လုပ်ပြီးမှ မှန်ရင် လက်ခံဖို့ပြောတာနော်။ သိစေချင်လို့ပြောတာ၊ ယုံစေချင်လို့ပြောတာမဟုတ်ဘူး။

'ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။' ဉာဏ်ရှိသလောက် သိနိုင်မယ်ဆိုတဲ့အချက်က သိပ်အရေးကြီးတယ်။ ဉာဏ်ပိုရှိလေ ပိုသိလေ ဆိုလိုတယ်။ ဒါကြောင့် ဉာဏ်အဆင့်မြင့်တဲ့သူကိုပြောရတာပိုလွယ်လေပဲ။

ဗုဒ္ဓဘာသာတရားမှာ အထူးခြားဆုံးတရားဟာ ကာလာမသုတ်တရားတော်ပဲ။ ဒကာကြီးတို့ကြားဖူးတယ်မဟုတ်လား

'ကြားဖူးပါတယ်ဘုရား။ ကြာပါပြီ။ ဒါပေမယ့် အရှင်ဘုရား ထပ်ပြီး ပြောပြရင် တပည့်တော်တို့ ပြန်ပြီးသတိရလာမှာပါ ဘုရား။

တပည့်တော်က ကာလာမသုတ်ကိုဖတ်ပြီး ကြောက်တောင်ကြောက်လာတယ် ဘုရား။ မယုံနဲ့လို့ပြောတာတွေက ဘာမှမကျန်တော့်လို့။ တပည့်တော်တို့က မိဘတွေပြောပြတာတွေ ဆရာသမားတွေပြောပြထားတာတွေကိုအမှန်တွေပဲလို့လက်ခံလာခဲ့ကြတာ။ သူတို့ပြောတာကို မှန်ချင်မှမှန်မယ်လို့ တွေးရတာ သူတို့ကို စော်ကားသလိုများ ဖြစ်သွားမလားလို့ တွေးမိတယ်။

ပြီးတော့ ကိုယ်ကိုယ်တိုင် ကလည်း ဘာမှ မသိတော့ ဘာကိုယုံရမှန်းမသိတော့ ဘာကိုယုံရမှန်း မသိတော့ဘူး။ ယုံစရာဘာမှမကျန်တော့ဘူး။ အဲဒီလို ယုံစရာ ဘာမှမကျန်တော့တာကိုကြောက်တယ်။ မှီစရာ တွယ်စရာ မရှိတော့သလို အားကိုးစရာမရှိတော့သလို ဖြစ်သွားတယ်။ Insecure ဖြစ်တယ်။ ဘာမှ မယုံပဲ နေလို့ဖြစ်ပါ့မလားလို့မေးမိတယ်။

အရာရာတိုင်းကို ကိုယ့်ဉာဏ်နဲ့ကိုယ် အမှားအမှန်ဆုံးဖြတ်ရမယ် ဆိုတဲ့ ကိစ္စဟာ မနိုင်တဲ့ကိစ္စဖြစ်တယ်လို့တွေးမိပါတယ်။ ယုံလိုက်ရတာက သက်သက်ပါတယ်။ ယုံလောက်တဲ့သူကပြောတာကိုယုံလိုက်ချင်တယ်။ ဒါပေမဲ့ ကာလာမသုတ်မှာ 'ပုဂ္ဂိုလ်ကို အထင်ကြီးပြီးတော့သူပြောတာကိုမှန်တယ်လို့မယုံပါနဲ့' လို့ဆိုထားတော့။ ဘယ်သူ့ကိုယုံရမလဲဆိုတာမဆုံးဖြတ်နိုင်တော့ပါဘူး။ အမှန်တရားကိုရှာတဲ့သူဟာ ပုဂ္ဂိုလ်စွဲမရှိရဘူး၊ ဆိုတာလက်ခံပါတယ်။ ဒါပေမဲ့ အဲဒါက အတွေးနဲ့လက်ခံတာပါ။

အရှင်ဘုရားကိုတောင် တပည့်တော်တို့က ပုဂ္ဂိုလ်စွဲ ဖြစ်လာပါတယ်။ အရှင်ဘုရားကတော့မှန်တာပဲပြောမှာလို့ယုံကြည်လာတယ်ဘုရား။ အဲဒါဘုန်းကြီးအတွက် လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်။ ဘုန်းကြီးပြောတာကို ပုဂ္ဂိုလ်စွဲပြီး မစဉ်းစားတော့ပဲလက်ခံရင် ဘုန်းကြီးက အရာရာတိုင်းမှာ ဆုံးဖြတ်ပေရမယ့်သူ ဖြစ်သွားမယ်။ အဲဒီတာဝန်ကို ဘုန်းကြီးမယူနိုင်ပါဘူး။`အဲဒါကိုလည်းတပည့်တော်နားလည်ပါတယ်။ အရှင်ဘုရား ကိုယ်တိုင်က ပုဂ္ဂိုလ်စွဲမရှိတော့- အရှင်ဘုရားကိုပုဂ္ဂိုလ်စွဲ သဘောထားမျိုးနဲ့ ဆက်ဆံတာကို အရှင်ဘုရားကြိုက်မှာမဟုတ်ဘူးဆိုတာတွေးမိပါတယ်ဘုရား။'

ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ရတဲ့တာဝန်ဟာအင်မတန်ကြီးပါတယ်။ အဲဒါကြောင့်လူတွေဟာအဲဒိတာဝန်ကို မယူနိုင်လို့ ကိုယ့်အတွက်အရာရာကိုဆုံးဖြတ်ပေးမဲ့သူ လက်ထဲကို ကိုယ့်ဘ၀ကိုအပ်လိုက်တာပဲ။ အဲဒါကြောင့်ပဲလွတ်လပ်မှုမရှိတော့တာ။ဲလွတ်လပ်မှုမရှိတော့တာကို လက်ခံလိုက်တယ်။ ဆုံးဖြတ်ရမယ့်တာဝန်ကိုမယူရရင်ပြီးရော။ ဒါပေမဲ့- အမှန်တရားကိုတကယ်လိုလားရင်၊ လွတ်လပ်မှုကို တကယ်လိုချင်ရင် အမှားအမှန်ကို ကိုယ်တိုင်ဆုံးဖြတ်ရမယ်။ ဒီတာဝန်ကို ရှောင်လွဲလို့မရနိုင်ပါဘူး။

'မှန်ပါတယ်ဘုရား။ သဘောပေါက်ပါတယ်။ တပည့်တော်တို့ကြောက်တာကိုပြောပြတာပါဘုရား။ ကာလာမသုတ်ကို တပည့်တော်တို့ကြိုက်လည်း၊ ကြိုက်တယ်။ ကြောက်လည်း ၊ ကြောက်ပါတယ်။ဟုတ်တယ်...ဒကာကြီးတို့....။ ဒီတရားဟာကြောက်စရာကောင်းအောင်လွတ်လပ်မှုကိုလမ်းဖွင့်ပေးထားတာ...နော်။ သတ္တိနည်းတဲ့သူဆိုရင် ဒါလောက်လွတ်လပ်တာကို ယူရဲမှာ မဟုတ်ဘူး။ ကလေးဘ၀ကပြောသမျှကိုယုံလို့ စိတ်မှာ တစ်မျိုးသက်သာမှုရတယ်။ ကြီးလာတော့ဘာကိုမှ မယုံတော့လို့ ဟာတာတာဖြစ်နေတယ်။ ပြောသမျှကိုယုံလို့စိတ်ဆင်းရဲရတာလည်းရှိပါတယ်။ကိုယ့်အတွက်အရာရာတိုင်းကို အမှားအမှန် ဆုံးဖြတ်ပေးနိုင်တဲ့သူရှိတယ်လို့ ယုံရတာ False Security ရတယ်။ အဲဒီ False Security ကိုရဖို့ ပေးလိုက်ရတဲ့ (Price) အဖိုးအခဟာမသေးဘူး။                                       -(ဆက်လက်ဖေါ်ပြပါမည်)