Thursday, June 18, 2009

သာသနာရေသောက်မြစ်တို့ခန်းခြောက်ချိန်

ညီမရေ . . .
             ဒီတစ်ခေါက် စကားအဖြစ်နဲ့ ပြောဖြစ်ပေမယ့် အသေအချာကြီးကို မဆွေးနွေးဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုကို ပြောဖြစ်လိမ့်မယ် ထင်ပါရဲ့။
မကြာသေးမီက ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့ကလေးတစ်မြို့ကို ခရီးထွက်ဖြစ်ပါတယ်။
အဲဒီမြို့ကလေးကနေ နေ့ဝက်ခရီးသာသာမှာရှိတဲ့ ရွာကလေး တစ်ရွာ ကိုလည်း အရောက်သွားခဲ့ရပါတယ်။
ရွာကတော် အတော်ကလေး အိမ်ခြေများပါတယ်။ ရွာဦးမတော့ ကိုးတောင်ပြည့်စေတီကြီးနဲ့ ရေကန်ကြီးတစ်ကန်လည်း မြင်လိုက်ပါရဲ့။ ပြီးတော့ ရွာဦးကျောင်းကြီးကလည်း ဟည်းလို့ပေါ့။
ရွာကိုလေ့လာရေးလာတာ မဟုတ်လေတော့ ကိုယ်ရေးကိုယ်တာ ကိစ္စကိုပဲ ပထမ ဦးတည် လုပ်ရတာပေါ့။
ပြီးလို့ အချိန်နည်းနည်းရရင်တော့ ရွာဦးစေတီကြီးနဲ့ ဘုန်းကြိးကျောင်းကြိးကို သွားမယ်လို့ စိတ်ကူးထားလိုက်မိတယ်။ ကိစ္စစောစောပြိးတာနဲ့ ရွာခံနဲ့ သာရေးနာရေးစကားပြောမိမှပဲ ဒီဇာတ်လမ်းက စဖြစ်တော့တယ်။ (ဆက်ဖတ်ရန်)
ညီမရေ . . .
       ဒီရွာမှာ ဗုဒဘာသာ ကိုးကွယ်တာ ဆယ်အိမ်တောင် မပြည့်ရှာတော့ဘူးတဲ့။
ပြီးတော့ အဲဒီ ဘုရား၊ ကျောင်းကန်ဟာ ဆရာဒကာနဲ့ မစည်ကားခဲ့တာ ဆယ်စုနှစ်နှစ်စုလောက်တောင် ရှိပြီဆိုပါလား။
ဒီကျောင်းကြီးမှာလည်း ကျောင်းထိုင်ဆရာတော်အဖြစ် တောထွက်ရဟန်းကြိး တစ်ပါးသာ ရှိတော့သတဲ့။
ကိုးတောင်ပြည့်စေတီတော်ကြိးလည်း ထုံးသင်္ကန်းကပ်သူဝေးလို့ ဆီမိးရေချမ်းတောင် အပူဇော်မခံရတာ တော်တော်ကို ကြာခဲ့ပါပြီလို့ ရွာခံ ဗုဒဘာသာဝင် တစ်ဦးက ၀မ်းပန်းတနည်း ပြောရှာပါရဲ့။

ညီမရေ . . .
     အနားကြည်လို့ အလယ်နောက်တဲ့ ကောသလ္လအိပ်မက်ကတော့ အဲဒီနေရာမှာ မှန်လိုက်လေလို့ ပြောရတော့မှာပဲ။
တို့ဗုဒဘာသာဝင်တွေ အင်္ဂလန်တို့  ဘာမင်ဂန်တို့ ပြင်သစ်တို့ အမေရိကန်တို့ မွန်ဘိုင်းတို့မှာ ရှိရှိသမျှ ဓနအင်အားတွေ ပုံအောပြီး သာသနာအထွတ်တင် လုပ်ငန်းကြီးတွေ လုပ်နေကြပေမယ့် တို့မြန်မာနိုင်ငံထဲမှာတော့ သာသနာ့ ရေသောက်မြစ်တွေ ခမ်းခြောက်ကုန်ကြပါရော့လား။

ညီမရေ . .
      ဒီကနေ သာသနာမှာ ဆရာအဖြစ် အားထားရမယ့် ဘုရားရှင်ရဲ့ သားရဟန်းတော်တွေကို ဘယ်နေရာကများ ပေါ်ထွက်လာကြပါလိမ့်။ ဘယ်နေရာကများ မွေးထုတ်ပေးလိုက်ကြတာပါလိမ့်။
ခပ်ရှင်းရှင်း မထောက်မညာ ပြောရရင် ကျေးလက်တောနယ်တွေကပဲ မဟုတ်လား။ ရန်ကုန်လို မြို့ကြိးပြကြိးကနေ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ဘယ်လောက်များ မွေးထုတ်ပေးနိုင်ခဲ့သလဲ စဉ်းတော့စဉ်းစားစရာပါ ညီမရေ။
    ဟုတ်ပါရဲ့ . . . မြို့ကြီးပြကြိးနဲ့ မနိးတဲ့ ကျေးလက်တောနယ်တွေကနေ တို့ဗုဒဘာသာဝင်တွေအတွက် ဆရာဖြစ်လာမယ့် ရဟန်းအလောင်းအလျာ သာသနာအာဇာနည်တွေကို ရွာဦးကျောင်းအသီးသီးကနေ ဥပဇျယ် ဆရာတွေကနေ မွေးထုတ်ပေးလိုက်ကြတာ မဟုတ်လား။
အဲဒီကနေ မြို့ကြိးပြကြိးက စာသင်တိုက်တွေရောက်လာ။ အလတ်တန်း အကြိးတန်းတွေ အဆင့်အဆင့်အောင်။ စာချဆရာတော်တွေဖြစ်လာ။ နောက်ဓမ္မစရိယအောင်ပန်းကို လက်လှမ်းနိုင်ခဲ့ကြတယ် ဒိလိုမဟုတ်လား။
    အခုတော့ သာသနာ့အညွန့်အဖူးကို မွေးထုတ်မယ့် ကျေးလက်က ကျောင်းကန်ဇရပ်မှာကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတဲ့အပြင် သြကာသ ကန်တော့ချိုးကို ဖြောင့်အောင်မရွတ်နိုင်ရှာတဲ့ ဒကာတွေနဲ့ မယားသေသားကွဲစိးပွားပျက်လို့ ရဟန်းဘောင်တက်လာတဲ့ တောထွက်ကြိးတွေကလည်း ရှစ်ပါးသီလတောင် အနိုင်နိုင်ဆိုတော့ ဒီရွာနဲ့ ဒီသာသနာဟာ ရေရှည်မှာ ရင်လေးစရာပါ။

ညီမရေ . . .
    နိုင်ငံတော် သံဃ၀န်ဆောင်ဆရာတော် တစ်ပါးကတော့ မိန့်ဖူးပါရဲ့။ ကျေးလက်ကို အခြေခံထားတဲ့ ဒီသာသနာမှာ သာသနာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ကျေးလက်ဒေသမှာ သာသနာရေသောက်မြစ်တွေ ခမ်းခြောက်နေတာဟာ အချိန်မီကုစားရမယ့် အရေးကြီးဆုံးအလုပ်လို့ မိန့်ပါတယ်။
ကျေးလက်ဒေသ ကနေ သာမဏေဘ၀ကစလို့ ဓမ္မစရိယ အဖြစ် အဆင့်ဆင့်တက်လှမ်းလာခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်နှပါးများ ကျေးလက်ဒေသ ကိုယ်မြေကိုယ် ရေမှာ သာသနာဝန်ထမ်းဖို့ စိတ်ကူးခဲ့ကြဖူးပါသလဲ။
ကိုယ်လို ဓမ္မစရိယဆရာတော်တွေ ကိုယ်မြေမှာ ထွက်ပေါ်ဖို့ စိတ်များကူးမိကြပါလေစလို့ ဆရာတော်က မေးခွန်းထုတ်ခဲ့ဖူးပါတယ် ညီမရယ်။
  
ညီမရေ . . .
          အဲသလို ကျေးလက်တောရွာမှာ ရှစ်ပါးသီလ ဖြောင့်အောင် မပေးတတ်တဲ့ တောထွက်ရဟန်းကြိးတွေ ရှိနေသေးတာကိုပဲ ကြံဖန်ကျေးဇူး တင်ရမယ်လို့ တက္ကသိုလ်က ကထိကဆရာတစ်ယောက်က ပြောခဲ့တယ်ကွဲ့။
ဘုရားကျောင်းကန်မှာ ရဟန်းတော်တွေ တစ်ပါးမှ မရှိတော့တဲ့အဖြစ်တွေ ဖြစ်နေကြရလိုပါတဲ့။
ရန်ကုန်မြို့နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဥက္ကံမြို့ ဘုရားကြိးတိုက် ဘုရားကြိးဂိုဏ်း ဂိုဏ်းအုပ်ဆရာတော်ကြိးတစ်ပါးကတော့ ဘုရားကြိးဂိုဏ်း ဓမ္မစက်ရောက်တဲ့ ကျေးရွာ သုံးဆယ်ကျော်ကျော်မှာ အနည်းဆုံး ဆယ့်ငါးရွာလောက်မှာ ကျောင်းထိုင်ဘုန်းကြီးမရှိတဲ့ ပြသနာကို ကျောင်းထိုင်ဘုန်းကြီး ရှာရတဲ့ဒုက္ခက မသေးဘူးလို့ မိန့်တော်မူပြန်တယ်။
ကျောင်းထိုင်ဘုန်းကြိးရပြန်တော့လည်း စောစောကရေးပြခဲ့သလို မယားသေ သားဆုံး စိးပွားပျက်လိုမို့ ရဟန်းဘောင်တက်လာတဲ့ တောထွက်ကြိးတွေနဲ့ပဲ တ၀ဲဝဲလှည်ရရှာပြန်တာတဲ့ကွယ်။
         ဒါဖြင့်ရင် ဒီတော ဒီနယ်တွေမှာ သာသနာ့အညွန့်အဖူးတွေ ပေါ်လာဖို့ ဝေးစွ။ ဗုဒဘာသာဆိုတာကို ပီပီပြင်ပြင် ကြည်ကြည်စင်စင် လမ်းပြပေးနိုင်မယ့် ဆရာစစ်ဆရာကောင်းတောင် ပေါ်မလာနိုင်တာဟာ တို့ဘာသာ တို့သာသနာအတွက် ၀မ်းနည်းစရာ မကောင်းပေဘူးလား။
ရွာငယ် ဇနပုဒ်တွေက ဂုဏ်ယူစရာကောင်းလောက်အောင် ဓမ္မစရိယအောင်ပန်းကို ဆင်မြန်းခဲ့တဲ့ တို့ဆရာတော်တွေ မဟာဓမ္မာစရိယကစလို့ ဟော အခုဆိုရင် အိန္ဒိယလို ထိုင်းလို သိရိလင်္ကာလို နိုင်ငံတွေမှာတောင် ဓမ္မနဲ့ပတ်သက်တဲ့ ပါရဂူဘွဲ့တွေ ဆင်မြန်းနိုင်ဖို့ အားသွန်ခွန်စိုက် နေလိုက်ကြချိန်မှာ အခုတို့နိုင်ငံက အခုပစ္စက္ခအချိန်မျိုးနဲ့ ယှဉ်ထိုးကြည့်ရင်တော့ အင်း ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားတောင် ပြောမပြတတ်အောင်ပါပဲ။
       တို့ကျေးလက်တောနယ်က ဓမ္မစာပေပါရဂူကြိးတွေ တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းနေချိန်မှာတော့ ဒီသာသနာ ဒီဆရာတွေကို မွေးထုတ်ပေးလိုက်တဲ့ တို့ကျေးလက်တောနယ်မှာတော့ ဘုရား နဲ့ဇရပ်ကျောင်းမှာ ဟောင်းလောင်းကြိး ဖြစ်ကုန်ကြပါ့ပေါ့လား။
ဆရာမရှိရှာတဲ့ အဲသည့် ကျောင်းကန်ဇရပ်မှာ ဒကာတွေ ဘယ်နယ့်သာသနာ့ပြုကြရပါ့။
    
ညီမရေ . ..
        လွန်ခဲ့တဲ့ 2000 ပြည့်နှစ်တုန်းက မုန်တိုင်းမဆင်သေးတဲ့ဧရာဝတီတိုင်းဘက်က ကျေးရွာတော်တော်များများကို ရောက်ခဲ့ရစဉ်တုန်းက ဒီပြသနာကြိးကို ရိပ်စားမိပေမယ့်ေ၇ရှည်ကို မတွေးခဲ့မိတာ ၀န်ခံရမှာပါ။
ရှားရှားပါးပါး အကြီးတန်းအောင်ပြီးတဲ့ ရဟန်းတော်လေးတစ်ပါးကတော့ သူမြေသူရေမှာသူဘိုးဘွားက လှူဒါန်းထားတဲ့  ဘုရားကျောင်းကန်အတွက် တက်လမ်းမရှာတော့ဘဲ အခြေချပြီးသာသနာပြုနေတယ်ကြားတော့ ၀မ်းသာအားရ ရှိလိုက်တာ။
ဒါမှ သာသနာအာဇာနည်ကွလို့ ကိုယ်ဘာသာကိုယ့် သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ တိုင်းပြိး ၀မ်းသာပိတီဖြစ်ရတယ်။
ရွာကကလေးငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းပေးလို့ သာမဏေငယ်တွေ မွေးထုတ်မယ်ဆိုတော့ ဒီရဟန်းတော်ကလေးအတွက် နှစ်ထောင်းအားရ ရှိလိုက်တာလေ။
  
ညီမရေ. ..
      မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြိးဟာ သူ့သက်တမ်းတစ်လျှောက်မှာ အဓိကကျတဲ့လုပ်ငန်း တစ်ခုဟာ သူလို တိပိဋကတွေ နိုင်ငံအနှံအပြားက ပေါ်ထွန်းလာရေးပဲလို့ သိရပြန်တယ်ကွဲ့။
အဲသလို ကြိုးပန်းခဲ့လိုလဲ တိပိဋက အောင်ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် မင်းကွန်းမှာ ပွင့်ခဲ့တာ ကမ္ဘာအသိပါ ညီမရယ်။
ရန်ကုန်မြို့ကမ္ဘာအေး တိပိဋက ဆရာတော် ဥူးသုမင်္ဂလလင်္ကာရကတော့ သာသနာအညွန့်အဖူးတွေ ပေါ်ဖို့ သာမဏေကျော်စီမံကိန်းကြီး ရေးဆွဲခဲ့တယ် မဟုတ်လား။
ဟော သီတဂူဆရာတော်ကြီးကလည်း စစ်ကိုင်းတောင်ရိုးမှာ သီတဂူကမ္ဘာ့ဗုဒတက္ကသိုလ်ကြီး တည်ထောင်လို့ သာသနာအာဇာနည်တွေ တစ်ပါးပြိးတစ်ပါး မွေးထုတ်လို့ တာဝန်ကျေခဲ့ကြတယ် မဟုတ်လား။

စောစောက ရေးခဲ့သလို ဥက္ကမြို့ ဘုရားကြိးတိုက်ရဲ့ ဓမ္မစက်အောက်မှာရှိတဲ့ ရွာကလေးအကြောင်း ဆက်ကြဦးစို့ရဲ့။ 
အစ်ကိုရောက်သွားတဲ့ရွာဟာ ဥက္ကြုံမို့အပိုင်က ဘုရားကြီးတိုက်ဓမ္မစက်ရောက်တဲ့ ပဋ္ဌာန်းကုန်းဆိုတဲ့ရွာပါ။
 
ညီမရေ . .
     တကယ်တော့ အဲဒိရွာဟာ ဥက္ကံမြို့ကနေ လှည်းဆင့်လိုက်ရင် နေ့ဝက်သာသာမို့ ခုလို ဆိုင်ကယ်ခေတ်၊ ထော်လာဂျီခေတ်မှာ 3 နာရီသာသာခရိး ရယ်ပါ။
မြို့တော်ရန်ကုန်နဲ့ ဥက္ကံဟာ လေးနာရီသာကြာတာမို့ ရန်ကုန်ကနေ အဲဒီရွာကို မနက် ခြောက်နာရီလောက်ထွက်ရင်မွန်းလွဲ 1 နာရီမထိုးခင် ရောက်တာမို့ အဲသည်လောက် ခရီးလေးမှာ သာသနာကွယ်ရတော့မှာမို့ တော်တော်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်။

ညီမရေ . . .
    ဒိရွာဟာ အစ်ကို စာအစမှာရေးပြခဲ့သလို ကျောင်းကြီးရခိုင်နဲ့ကိုးတောင်ပြည့်စေတီကြိးနဲ့ပါ။
အခုတော့ စာဖြူလို့ခေါ်ကြတဲ့ခရစ်ယန် ဘာသာဝင်တွေ များလာတာမို့ တို့ဘာသာအရေအတွက်ဟာ ဆယ်အိမ်တောင်မကျန်တော့ဘူးတဲ့။
တို့ဘာသာဝင်တွေ နည်းတာမို့ ရွာဦးကျောင်းက တောထွက်ရဟန်းကြိး ခင်ဗျာလည်းဆွမ်းကွမ်းခက်ရှာပေမပေါ့။
ရွာကလည်း ဆင်းရဲ။ ရိုးမက ဆင်အုပ်ကလည်း သတင်းတွေထဲပါသလို နေနေညညဆိုတော့ ခင်ဗျာများမှာ ဘုရား တရားလည်းဂရုစိုက်နို်င်ပုံ မရရှာပေဘူး။
ဒါပေသိ ပဌာန်းကုန်းက တောထွက်ရဟန်းကြိးကတော့သူ့နည်းသူဟန်နဲ့ တို့ဘာသာ တို့သာသာနာ တော်ကြိးအတွက် နိုင်ရာတာဝန်ထမ်းနေပုံကတော့ အားကျစရာပါ။

ဥက္ကံမြို့က တရားခွေတွေအလှူခံပြိးတော့ နံနက်တိုင်း ရွာဦးကျောင်းကနေ တရားခွေတွေ ဖွင့်တယ်။ ဆွမ်းမရတဲ့နေမှာတော့ မြို့ကအလှူခဲ့လာတဲ့ ပေါက်မုန့်ခြောက်နဲ့ နို့ဆီသုတ်စားပြိး အသက်ဆက်သာသနာပြုရရှာတယ်ကွယ်။
ဝါတွင်းဆိုရင် ဆွမ်းကွမ်းလုံးလုံးမရတော့တဲ့အပြင် ကျောင်းမယ် ဝေယျဝစ္စလုပ်မယ့် ဒကာတွေတောင် မရှိလေတော့ ရွာဦးကျောင်းကြီးကို ပစ်ပြိး ဥက္ကံဘုရားကြီးတိုက်မှာ ကျောင်းသားတစ်ယောက်လောက် ၀ါတွင်းမယ်ရဖို့အရေး အတင်းအကျပ်တောင်းရရှာသတဲ့။
 
ညီမရေ
        တို့ရွာဦးမတော့ ကျောင်းကန်ဇရပ်စေတီနဲ့ တို့ဗုဒဘာသာ ရဟန်းတော်တစ်ပါးရှိနေသေးတယ်ဆိုတဲ့ အသိကလေး တို့ဗုဒဘာသာဝင်တွေ ရင်ထဲ ရောက်ဖို့ အခြားဘာသာဝင်တွေ ရင်ထဲမလဲ ဒီအရပ် ဒီဒေသမှာတော့ ဗုဒဘာသာအောင်လံကြီး လွှင့်ထူထားပါလား ဆိုတဲ့အသိလေး ရင်ထဲရောက်နိုင်ဖို့ ငတ်တလှည့်ပြတ်တလှည့်နဲ့ သာသနာအောင်လံကြိးကို အနိုင်နိုင်လွှင့်နေရဆဲပါ။

ညီမရေ
       နိုင်ငံတကာမှာ သာသာနာပြုနိုင်ဖို့အတွက် ဗုဒစာပေပါရဂူတွေ တစ်ပါးတစ်ပါး တာဆူနေတာဟာ တို့ဘာသာ တို့သာသနာအတွက်တော့ ၀မ်းမြောက်ပီတိ ဖြစ်ရပေမယ့် ဒီရဟန်းတော်တွေကို မွေးထုတ်ပေးလိုက်တဲ့ ကျေးလက်တောနယ်တွေမှာတော့ နောက်ထပ်သာသာနာ့မျိုးဆက်တွေ မပေါ်တော့မယ် အခြေအနေအတွက် ၀မ်းနည်းနေရဆဲပါ။
ဒိအခြေအနေမှာတော့ ပုဂံခေတ်က ပုဂံပြည်ကြီးကို ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံဧကရာဇ်ဆီ အရောက်သွားခဲ့တဲ့ ရှင်ဒီသာပါမောက်လို့ "ပုဂံပြည်ကြီးကို ရေသွန်းလောင်းပါဦး"" လို့ ဆိုခဲ့သလို "သာသနာရေသောက်မြစ်တွေကို ရေသွန်းလောင်းပါဦး အရှင်ဘုရားတို့ ဘုရား""လို့ တောင်းပန်လျှောက်ထားရင်းဒိစာကို အဆုံးသတ်ရမှာပါပဲ။


အစ်ကို
အောင်စည်ဟိန်း

(မျိုးချစ်မြန်မာဘလော့မှကူးယူဖေါ်ပြသည်)

No comments:

Post a Comment